စက်သုံးဆီနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားချက်များ

စက်သုံးဆီနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားချက်များ

မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်တောက်မှုဆိုးရွားစွာဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေးစသည့် လူဦးရေထူထပ်ကာ ယာဉ်အသုံးများသောမြို့ကြီးများတွင် ဆီရရှိရေးအတွက် နာရီများစွာစောင့်ဆိုင်းနေကြရပြီး တန်းစီနေသောကားများကို နေရာအနှံတွေကြရကာ နယ်အဝှမ်း ပစ္စည်းပြတ်တောက်ကာ စျေးနှုန်းမြင့်တက်မှုများဖြစ်လျက်ရှိသည်။ သို့သော် ယခုပြတ်တောက်မှုနှင့် ယခင်နှစ်ရှားပါးမှုဖြစ်စဉ်များမတိုင်မီ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များကို မဇ္ဈိမက မှတ်တမ်းပြုစုထားသည်ကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

(၁) နိုဝင်ဘာ ၁၂ရက်၊ ၂၀၂၃ ခုနှစ်တွင် ပြောသောစကား

“ စက်သုံးဆီနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်နေတာ ရှိပါတယ်။ အချိန်ကိုက်ပဲပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလာဟလထုတ်လွှင့်နေတာရှိတယ်။ အဲ့တော့ အခြေခံအကြောင်းနှစ်ခု အပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာဖြစ်တယ်။ နံပါတ် ၁ကတော့ ဆီခွဲတမ်းပေါ့ ၊ ဆီရောင်းချတဲ့ ခွဲတမ်းတွေ လျှော့တယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာရှိတယ်။ နံပတ် ၂ကတော့ ဆီဝယ်ယူဖို့ အစိုးရအနေနဲ့ ဒေါ်လာချမပေးဘူးဆိုတဲ့ ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ။ ပြန်မဖြည့်နိုင်တော့ဘူးဆိုပြီး ဖြစ်ပါတယ်။”

“ ပထမဆုံး ပြောချင်တာက ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီ ပေါ့။ စက်သုံးဆီ၊ စားသုံးဆီနဲ့ ပတ်သက်ပြီး အနေအထား ဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းများနဲ့ပတ်သတ်ပြီး ယခင်အတိုင်းပဲဖြစ်တယ်။ ကျွန်တော်တို့စိစစ်တာတခုပဲရှိတယ်။ ယခင်အတိုင်းပဲဖြစ်တယ်။ လျှော့ပြီးလုပ်ပေးတာမရှိဘူး။ နံပါတ် ၂ ကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ပြီးရင်ကျွန်တော်တို့ ထပ်မံရောက်ရှိလာမဲ့ ဆီတင်သင်္ဘော ၁၅ စီးနီးပါးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ တစ်လ အရန်ရှိအောင် အမြဲတမ်း ဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ ပတ်သက်ရင် အစိုးရအနေနဲ့ အလေးထားဆောင်ရွက်လျက်ရှိတဲ့အတွက် ယခင်အတိုင်းပဲ ဒေါ်လာရောင်းချပေးတာတွေ ဒါတွေ ဆောင်ရွက်ပေးချက်ရှိတယ် ပြည်သူလူထုအနေနဲ့ တစ်ခုသတိထားသင့်တာကတော့ အခုအချိန် ဘက်ပေါင်းစုံကနေ နိုင်ငံရေးအရ စီးပွားရေးအရ လူမှုရေးအရ ကာကွယ်ရေးအရ သတင်းမှားများ ထုတ်လွှင့်လျက်ရှိပါတယ်။ ဒီသတင်းမှားတွေကို ကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့ အရေးကြီးပါတယ်။ အနှစ်ချုပ်ပြောရရင် စက်သုံးဆီ စားသုံးဆီ ရှမ်းပြည်အရှေ့မြောက်ဘက်မှာ တိုက်ပွဲများကြောင့် အဲ့ဒီဒေသမှာ ကုန်သွယ်မှု ရပ်တန့်နေတာကလွဲရင် ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိတယ် အသိပေးပြောကြားလိုပါတယ် "

(၂) ဒီဇင်ဘာ ၆ရက်၊ ၂၀၂၃ ခုနှစ်တွင် ပြောသောစကား

“ နံပါတ် ( ၂)က ပို့ကုန်ပမာဏ ပိုမို မြင့်တက်လာရမယ်။ ပို့ကုန်ပမာဏ ပိုပြီး မြင့်တက်လာဖို့ ပြီးရင် ထုတ်ကုန်ပစ္စည်းများ ပို့ကုန် တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာ ရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခြေအနေမှာတော့ ဘယ်နေရာမှာ အကျိုးသက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင် စက်သုံးဆီ ကဏ္ဍမှာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းရမယ့် လိုအပ်တဲ့ ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက် ရောက်ရှိနေတဲ့ သင်္ဘောများလည်း ရှိပြီး ဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒ အပြောင်းအလဲကို ဆောင်ရွက်တဲ့အချိန်မှာ ခုနကပြောတဲ့ Export ပို့တဲ့ လူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေ၊ ပြီးရင် ပြည်ပထွက်တဲ့ အလုပ်သမားတွေဆီက ပြန်ဝင်လာမယ့် ငွေတွေ ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့ ငွေများသည် Incentive ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်ပါတယ်။ ပိုမိုဝင်ရောက်လာတာနဲ့အမျှ ဈေးကွက်လည်း သူ့အလိုလို ထိန်းညှိပြီးဖြစ်တယ်လို့ ကျွန်တော် သတင်းကောင်းပါးလိုပါတယ်”

(၃) ဧပြီ ၁၉ရက်၊ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့သောစကား

“ ပြည်ပကဝင်လာတဲ့ စက်သုံးဆီတွေဟာ မြန်မာနိုင်ငံထဲကို ဝင်လာမယ့် လမ်းကြောင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်သူလူထုကို စက်သုံးဆီနဲ့ ပတ်သက်ပြီး လက်တလော ဖြစ်ပေါ်နေတဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ ပြည်တွင်းမှာ အသုံးပြုဖို့အတွက် စက်သုံးဆီအလုံအလောက်ရှိတယ်ဆိုတဲ့အကြောင်းကို ထပ်မံပြီးတော့ အသိပေးပြောကြားလိုပါတယ်”

(၄) ဩဂုတ် ၁၆၊ ၂၀၂၂ ခုနှစ်တွင်ပြောခဲ့သောစကား

“ ပြည်ပကဝင်လာတဲ့ စက်သုံးဆီတွေဟာ မြန်မာနိုင်ငံထဲကို ဝင်လာမယ့် လမ်းကြောင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ စက်သုံးဆီနဲ့ ပတ်သက်ရင် ကောလဟာလတွေကို မယုံကြည်ဖို့ လိုပါတယ်။ ပြည်တွင်းမှာ အသုံးပြုမယ့် စက်သုံးဆီက အလုံအလောက်ရှိပါတယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး အခွန်တွေ လျှော့ပေါ့ပေးနေသလို စက်သုံးဆီဝယ်ယူ တင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေလည်း ရောင်းချပေးနေပါတယ်။ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာ. ရောင်းချပေးနေတဲ့ စက်သုံးဆီဈေးနှုန်းက မြန်မာနိုင်ငံထဲ ရောင်းချနေတဲ့ ဈေးနှုန်းထက်ပိုပြီး မြင့်တက်နေတာကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။ ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ စက်သုံးဆီတင်သင်္ဘော ၅ စီး ဆိုက်ကပ်ကာ ဂါလန် ၁၃ သိန်း လောက် ဆိပ်ကမ်းချနေပြီး ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စက်သုံးဆီတန်ချိန် ၄၃,၀၀၀ ထပ်မံဝင်ရောက်လာဖို့ ရှိသလို အရန်ဆီလည်း အသင့်ရှိတာကြောင့် ဆီပြတ်လပ်မှာကို မစိုးရိမ်ကြပါနဲ့ ။

(၅) ဩဂုတ် ၁၇ရက်၊ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့သောစကား

“ ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နှစ်ချက်ပါပဲ။ နံပါတ်တစ်ကတော့ ကျွန်တော်တို့ စျေးနှုန်းသက်သာရမယ်၊ နံပါတ်နှစ်ကတော့ အရေအသွေးပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာမူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာကလည်း ကျွန်တော်တို့ ဆက်သွယ်ဆက်ဆံမှု မြင့်မားနေတဲ့ အချိန်ဖြစ်တယ်။ နောင်လည်း ဆက်သွယ်ဆက်ဆံမှု ပိုမိုမြင့်မားလာမှာဖြစ်တဲ့အတွက် ဒီစက်သုံးဆီနဲ့ပတ်သက်ပြီး အာမခံချက်တစ်ခု ရရှိပြီးဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ လိုသမျှဝင်နေတာ ဖြစ်တဲ့အတွက် လိုသမျှရနိုင်နေမှာဖြစ်တဲ့အတွက် စျေးနှုန်းအနေနဲ့ ထိန်းနိုင်မယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်”

(၆) စက်တင်ဘာ ၁၂၊ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့သောစကား

ရုရှားနိုင်ငံက စက်သုံးဆီတွေ ထပ်မံရောက်ရှိလာဖို့ ရှိပါတယ်။ ရုရှားနိုင်ငံကနေ စက်သုံးဆီ တန်ချိန် သုံးသောင်း တင်ဆောင်လာတဲ့ သင်္ဘောတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၄) ရက်က ပထမအသုတ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ထပ်မံ ရောက်လာဖို့ ရှိပါတယ်။ ပထမအသုတ်ရောက်ရှိလာတဲ့ စက်သုံးဆီတွေကို တော့ အဓိက အစိုးရဌာနဆိုင်ရာတွေကို ဦးစားပေး ရောင်းချတာ ရှိပြီး နောက်လာမယ့် စက်သုံးဆီတွေကိုတော့ စက်သုံးဆီကုမ္ပဏီတွေကို ရောင်းချပေးမှာပါ။ ရုရှားနိုင်ငံကနေ စက်သုံးဆီဝယ်ယူတဲ့အခါမှာ နှစ်နိုင်ငံငွေကြေး စီးဆင်းမှုနဲ့ တိုက်ရိုက်ပေးချေတာပါ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly