မြန်မာနိုင်ငံ ၃ ပုံ ၂ ပုံကျော်တွင် တိုက်ပွဲများ ဖြစ်ပွားနေဟု ကုလသမဂ္ဂ ပြော 

မြန်မာနိုင်ငံ ၃ ပုံ ၂ ပုံကျော်တွင် တိုက်ပွဲများ ဖြစ်ပွားနေဟု ကုလသမဂ္ဂ ပြော 

အောက်တိုဘာနှောင်းပိုင်းမှ စတင်ကာ အာဏာသိမ်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ မြင့်တက်လာသည့်ကြားတွင် မြန်မာနိုင်ငံတွင် ဘေးလွတ်ရာ နေရာရွှေ့ပြောင်းရသူပေါင်း သန်းဝက်ကျော် ရှိလာပြီး တိုက်ပွဲများက နိုင်ငံ၏ သုံးပုံနှစ်ပုံကျော်၌ ပျံ့နှံ့ဖြစ်ပွားသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံးက သောကြာနေ့တွင် ပြောသည်။ 

အဆိုပါ တိုက်ပွဲများကြားတွင် စစ်တပ်သည် ကောင်းစွာလက်နက်တပ်ဆင်ထားသော တိုင်းရင်းသား အုပ်စုများအပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အား ထောက်ခံပြီး ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့( PDF) ညွန့်ပေါင်းတပ်များထံ အရေးနိမ့်ခြင်းများ ရှိနေကြောင်း မီဒီယာသတင်းများက ဆိုသည်။ 

အသစ်ထုတ်သော စာရင်းအရ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ပူးပေါင်းဆောင်ရွက်မှုရုံး (OCHA) က အောက်တိုဘာ ၂၆ ရက်နောက်ပိုင်း ပြည်သူပေါင်း ၅၇၈,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းရကြောင်း ဆိုထားသော်လည်း အထောက်အထားမဲ့ ပြန်လာခြင်းများ၊ ထပ်မံနေရပ်ရွှေ့ပြောင်းခြင်းများနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် ယင်းနှုန်းထားကို အတည်ပြုရန် ခဲယဉ်းသည်ဟု ဖော်ပြထားသည်။ 

ထို့ပြင် ပြီးခဲ့သော သီတင်းခြောက်ပတ်ကျော်၌ အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သား ၃၆၃ ဦး သေဆုံးရကာ နောက်ထပ် ၄၆၁ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။ 

“ဖြစ်ပွားဆဲ လက်နက်ကိုင် ထိပ်တိုက်တွေ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေမြုပ်မိုင်း ထိမှန်တာတွေ၊ ထင်ရာစိုင်းဖမ်းဆီးတာတွေနဲ့ လမ်းပိုင်းပိတ်ဆို့တာတွေက အရပ်သားတွေအတွက် ကာကွယ်ရေး ဘေးအန္တရာယ်တွေ ရုတ်ခြည်း မြင့်တက်စေပြီး မရှိမဖြစ် ကုန်စည်စီးဆင်းမှုနဲ့ ပြည်သူတွေ ဘေးကင်းရာ ရှာဖွေရေးမှာ ဆိုးဆိုးဝါးဝါး ကန့်သတ်တာတွေ ဖြစ်စေတယ်”ဟု OCHA ရုံးက ဆိုသည်။ 

“ပဋိပက္ခဖြစ်ရာ ဒေသ တော်တော်များများမှာ ဆက်သွယ်ရေး ပြတ်တောက်တာတွေက အချက်အလက် အတည်ပြုရေးအတွက် စိန်ခေါ်မှုတွေ ပိုတိုးစေတယ်”ဟု ယင်းက ဖော်ပြသည်။ 

စားနပ်ရိက္ခာ၊ ခိုလှုံနေရာ၊ တကိုယ်ရည်ကျန်းမာရေး၊ အခြေခံ ကျန်းမာရေးနှင့် အကာအကွယ်တို့သည် တိုက်ပွဲဖြစ်ရာ ဒေသများအနှံ့ ဖိစီးမှု အများဆုံးသော လိုအပ်ချက်များပင် ဖြစ်သည်ဟု OCHA က ပြောသည်။ 

နောက်ဆုံး နေရပ်ရွှေ့ပြောင်းမှုများကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ၌ စစ်တပ်က ရွေးကောက်ခံအစိုးရအား ဖြုတ်ချပြီး အာဏာသိမ်းချိန်မှစကာ နေရပ်ရွှေ့ပြောင်းရသူပေါင်း နှစ်သန်းခန့် ရှိနေသည်ကို ပို၍ တိုးပွားသွားစေခြင်းပဲ ဖြစ်သည်။ 

ဘာသာရေး အခြေပြု အဖွဲ့အစည်းများနှင့် ဌာနေ တုံ့ပြန်ရေးအဖွဲ့များသည် အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်းကာ နေရပ်ရွှေ့ပြောင်းသူများနှင့် ထိခိုက်ရာ အသိုက်အဝန်းများသို့ ဖြစ်နိုင်သမျှ အရေးပါသော အသက်ကယ် အကူအညီများ ဆက်လက်ပေးပို့လျက် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly