မန္တလေးမြို့တွင် ဓာတ်ဆီ ပြတ်လပ်မှုနှင့်ကြုံတွေ့ ၁ လီတာလျှင် ၆,၀၀၀ ကျပ်အထိ ပေးဝယ်နေရဟုဆို

By 007 (မဇ္စျိမ)
08 December 2023
မန္တလေးမြို့တွင် ဓာတ်ဆီ ပြတ်လပ်မှုနှင့်ကြုံတွေ့ ၁ လီတာလျှင် ၆,၀၀၀ ကျပ်အထိ ပေးဝယ်နေရဟုဆို
ပုံအညွှန်း-မန္တလေးစက်သုံးဆီ အရောင်းဆိုင်ကြီးများ၏ ယနေ့နံနက်ပိုင်းမြင်ကွင်းများဖြစ်သည်

မန္တလေးမြို့တွင် ဓာတ်ဆီ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး တလီတာလျှင် ၆,၀၀၀ ကျပ် အထိ ပေးဝယ်နေရသည်ဟု ဒေသခံများထံက သိရသည်။

“ဒီမနက် အခြေအနေပိုဆိုးသွားတယ်၊ မနေ့ကအထိ ၃၅ လမ်းအရှေ့ထိပ် BOC မှာ ရသေးတယ်၊ နောက်ပြီးတော့ သိပ္ပံလမ်းပေါ်က Asia Energy၊ ရွှေဗျိုင်းဖြူ အဲဒီဆိုင်တွေမှာ ရသေးတယ်၊ ဒီမနက် မရတော့ဘူး၊ မန္တလေးမှာ ဆီ(စက်သုံးဆီ)ဘယ်လောက်အခက်အခဲဖြစ်ဖြစ် အဲဒီဆိုင်တွေမှာ ဆီပြတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး၊ ဒီတခေါက်တော့ အဲဒီဆိုင်တွေတောင် မရောင်းပေးနိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတယ်၊ နောက်ထပ် အများဆုံး သုံးရက် ဒီအတိုင်းဆက်သွားရင် မန္တလေးမှာ ဆီလုံးဝပြတ်ပြီ” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် မန္တလေးမြို့ခံ စျေးကွက်စောင့်ကြည့်လေ့လာသူ တဦးကပြောသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် စက်သုံးဆီဆိုင်အချို့၌ ဒီဇယ်ဆီ၊ 92 သို့မဟုတ် 95 တမျိုးတည်းကိုသာ ရောင်းချပေးနိုင်တော့ကြောင်း ဒေသခံထံမှ သိရသည်။

မြို့တွင်းနေရာအနှံ့အပြားတွင် အများသုံး စက်သုံးဆီ(အောက်တိန်း 92/95)တလီတာလျှင် ၆,၀၀၀ကျပ် ၀န်းကျင်အထိ ပေါက်စျေးဖြစ်နေကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“အကျိုးဆက်က မှောင်ခိုစျေးကွက် ပေါ်လာတာပေါ့ဗျာ၊ အခြေအနေအချိန်အခါပေါ် မူတည်ပြီး၊ ရေသန့်တဘူး (တလီတာ)ကို ငါးထောင်ကျော်ကနေ  ခြောက်ထောင်အထိ စျေးတင်ရောင်းကြတယ်၊ ပန့်ဆိုင်ကြီးတွေမှာ ဆီတိုးပြီး အဲဒီအနီးအနားမှာတင် ပြန်ကောက်သူတွေ ဆီပြန်ရောင်းစားနေကြတာတွေလည်းရှိတယ်” ဟု  စောင့်ကြည့်လေ့လာသူ နောက်ထပ်တဦးက ပြောသည်။

လက်ရှိ မန္တလေးမြို့၏ စက်သုံးဆီရောင်း၀ယ်ဖောက်ကားနေမှု အခြေအနေသည် ယနေ့နံနက်ပိုင်းမြို့အနှံ့လှည့် လည်လေ့လာခဲ့ကြသူများ၏ အပြောအရ ၃၅ လမ်းအရှေ့ဘက်ရှိ BOC၊၂၆ လမ်းအရှေ့ဘက်ရှိ ရွှေဗျိုင်းဖြူ၊ သိပ္ပံလမ်းပေါ်ရှိ Asia Energy၊ သိပ္ပံလမ်းအရှေ့ဘက်ရှိ Denko တို့ကဲ့သို့သော အရောင်းဆိုင်ကြီးများအပါအ၀င် ဆိုင် ၃၀ထက်မနည်း အရောင်းပိတ်ထားကြကြောင်း သိရသည်။

အာဏာမသိမ်းခင်က ရရှိထားသည့် အချက်အလက်များအရ မန္တလေးမြို့တွင် ပန့်ဖြင့်ရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၇၀ ၀န်းကျင်ရှိကြောင်း သိရသည်။

မန္တလေးစက်သုံးဆီအရောင်းဆိုင်များတွင် နို၀င်ဘာတလလုံး 92 တလီတာလျှင် ၂,၂၅၀ ကျပ်၀န်းကျင်၊ 95 တလီတာလျှင် ၂,၃၅၀ ကျပ်၀န်းကျင်ဖြင့်ရောင်းချနေရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 92 တလီတာလျှင် ၂,၅၆၀ ကျပ်နှင့် 95 တလီတာလျှင် ၂,၆၉၀ ကျပ်အထိ ရုတ်တရက် စျေးမြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

မန္တလေးစက်သုံးဆီစျေးကွက်တွင် ယနေ့ပေါက်ဈေး 92 တလီတာလျှင် ၂,၅၁၅ကျပ်၊ 95 တလီတာလျှင်၂,၆၂၅ ကျပ်နှင့် ဒီဇယ်တလီတာလျှင် ၂,၂၆၀ကျပ် သတ်မှတ်ရောင်းချနေသည်ဟု သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly