စက်သုံးဆီပြတ်လပ်မှုကြောင့် အဌားယာဥ်မောင်းများ အခက်ကြုံ ၊ ရန်ကုန်တွင် ကားဌားရ ခက်ခဲလာ

စက်သုံးဆီပြတ်လပ်မှုကြောင့် အဌားယာဥ်မောင်းများ အခက်ကြုံ ၊ ရန်ကုန်တွင် ကားဌားရ ခက်ခဲလာ

 ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် အဌားယာဥ်မောင်းများ ယာဥ်မထွက်နိုင်ဘဲ ရန်ကုန်နေသူများလည်း ကားဌားရခက်ခဲလာကြောင်း ရန်ကုန်မြို့နေသူများထံက သိရသည်။ 

ယမန်နေ့ ဒီဇင်ဘာ ၆ ရက် နံနက်မှစ၍   ယနေ့ ဒီဇင်ဘာလ ၈ ရက် အထိ  ဒီဇယ်၊ စက်သုံးဆီ  ဓာတ်ဆီအောက်တိန်း 92၊ 95 နှင့်ပရီမီယမ်ဒီဇယ်ဆီများဝယ်ယူရန်မရနိုင်တော့သည့်အထိပြတ်လပ်နေကြောင်းအငှားယာဥ်မောင်းနှင်သူများထံသိရသည်။

"ဆရာစံလမ်းကနေပြီး Max ဆီဆိုင်အထိ ပတ်စ်ပို့ရုံးနားတန်းစီတာ။ လမ်းတခြမ်းအပြည့်ပဲ တန်းစီက ၂ နာရီလောက်မရွေ့ဘူး။ ကမ္ဘာအေးဘုရားလမ်းပေါ်လည်းပြည့်ကြပ်။ ဆိုင်တော်တော်များများမှာလည်း ညနေထဲက လုံးဝဝယ်မရတော့ဘူး။ ဒီဇယ်ကုန်ရင်ထပ်မဖြည့်တော့ဘူး။ နားတော့မယ် ဆီတွေပြတ်နေတာဆိုတော့ ဆီကုန်တော့မှာ။ ကိုယ့်မှာရှိတဲ့ သုံးတုံး(ကားတွင်ဆီလက်ကျန်ပြသည့် သင်္ကတ) ကို ဆီဖြည့်ဖို့ဆောင့်ရင်းနဲ့နှစ်တုံးဖြစ်သွားလို့ ထပ်ဖြည့်ရင်သုံးတုံးပြန်ဖြစ်တော့ကိုယ့်အတွက်မကျန်ဘူး။  ကုန်စျေးနှုန်းကလည်း တက်နေတော့လေ"ဟု အငှားယာဥ်မောင်းနှင်သူတဦးကပြောသည်။

 စက်သုံးဆီတင်သွင်းနေသည့် သွင်းကုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက နိုင်ငံခြားငွေမရှိတော့တာကြောင့် စျေးကွက်ပေါက်စျေးထက်နိမ့်ကျသည့်ရောင်းချပေးမှုအား ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍  ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ကြေညာထားသည်။

"လမ်းမှာလက်တားငှားတာ ခုနစ်စီး ရှစ်စီးရှိပြီ။ တစီးမှမလိုက်ဘူး။ ငှားတာကတော့ တာမွေကိုငှားတာ Grab မှာထောက်ကြည့်တာ ငါးယောက်က မလိုက်ဘူးပြောတယ်။ ၃စီးကတော့ဆီမလောက်တော့ဘူးပြောပြီး လက်ခါပြီးမောင်းသွားကြတာ။  Grab တစီးမှ  Order လက်မခံဘူး။ ၁နာရီခွဲမှရှားရှားပါးပါး Grab တစီးငှားလို့ရသွားတယ် အဲ့ဒါတောင်ဒီနားဟိုနားမို့။ မနေ့ကတော့အဲ့လောက်မဖြစ်ဘူး"ဟုမြို့ခံတဦးကပြောသည်။

ဒီဇင်ဘာလ ၅ ရက်က ကြေညာချက်၏ နောက်ဆက်တွဲကြောင့် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီများရှိကြောင်း သတင်းများထွက်ရှိနေသော်လည်း မြို့တွင်းရှိစက်သုံးဆီအရောင်းဆိုင်များသို့  ဆီဘောက်ဆာကားများ မရောက်လာ၍ ထိုသို့ စက်သုံးဆီ ဝယ်ယူရ ခက်ခဲလာခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူ အချို့ကသုံးသပ်သည်။

လက်ရှိတွင် ဆေးရုံ၊ဆေးခန်း အရေးပေါ်သွားရမည့် ကျန်းမာရေးကိစ္စများ ဖြစ်လာမည်ကိုပင် စိတ်ပူနေရကြောင်း အမျိုးသမီးတဦးကလည်းဆိုသည်။
“ဟိုနား ဒီနားသွားဖို့တောင် ကားဌားရတာ တအားခက်လာတယ်။ အရေးအကြောင်း ကျန်းမာရေးကိစ္စ ဖြစ်လာရင် ဒုက္ခပါပဲဆိုပြီး တွေးပူမိတာတောင်ရှိတယ်။ အိမ်က လူကြီးတွေက နှလုံးနဲ့ သွးတိုး၊ဆီးချိုတွေရှိတယ် ”ဟု ၎င်းကဆိုသည်။ 

 ပြီးခဲ့သည့်  ဒီဇင်ဘာလ ၅ ရက်နေ့က တနိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် ၃၀,၀၀၀ ကျော်တွင် 
ဆီသယ်ယာဉ် ၁,၇၂၉ စီးနှင့် 92 ဂါလန် ၉၇၀,၀၀၀ကျော်၊ 95 ဂါလန် ၂၅၀,၀၀၀ သောင်းကျော်၊ ဒီဇယ်ဂါလန် ၆၅၀,၀၀၀ ကျော်၊ ပရီမီယံ ဒီဇယ်ဆီ ၈၃၀,၀၀၀ကျော် ဖြန့်ဖြူးပေးပြီး
ဆီတင်သင်္ဘောများလည်း ရန်ကုန်ပင်လယ်၀ ရောက်ရှိနေကြောင်း  ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် အသိပေးထုတ်ပြန်ထားပါသည်။

"မင်္ဂလာဒုံဘက်က ဒီနေ့ မနက် ၁၁ နာရီလောက်က 95 ပဲ ရတယ်။ ၂၀,၀၀၀ ဖိုးပဲဖြည့်လို့ရတယ် ။ သူငယ်ချင်းတယောက်ကတော့သူတို့ဘက် ၁၀,၀၀၀ ပဲရတယ်တဲ့။တချို့ဆိုင်တွေဆို သဘက်ခါမှရမယ်တဲ့"ရန်ကုန်မြို့မှ ကိုယ်ပိုင်ကားပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဝယ်ယူရန်  အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းနေရပြီး  
ဗဟန်းမြို့နယ်နှင့် ကမ္ဘာအေးဘုရားလမ်းတလျှောက်တွင် ဆီဝယ်ယူရရှိနိုင်ရန် တန်းစီနေသည့် ကားတန်းရှည်ကြီးရှိနေကြောင်း မြို့ခံများက ပြောသည်

ယခု ဒီဇင်ဘာလ ပထမပတ်အတွင်း စက်သုံးဆီစျေးနှုန်းသည် ယခင်ထက် တလီတာလျှင် ကျပ် ၃၀၀ ကျော်အထိ စျေးနှုန်းမြင့်တက်သွားသည်။
ယခင် နို၀င်ဘာလ ၃၀ ရက်နှင့် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် ရှိ ရန်ကုန်မြို့ စက်သုံးဆီစျေးနှုန်းများမှာ  92 တလီတာ  ၂,၁၇၀ ကျပ် မှ ယခု ၂,၅၁၀ ကျပ်၊  95 တလီတာ လျှင်၂,၃၀၀ ကျပ်မှ၂,၆၁၀ ကျပ်ထိစျေးနှုန်းမြင့်တက်သွားကြောင်းသိရသိရသည်။

 စစ်ကောင်စီလက်အောက်ခံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စာရင်းအချက်အလက်များအရ ရန်ကုန်မြို့တွင် စက်သုံးဆီ အရောင်းဆိုင် ၁၄၆ ဆိုင်ရှိကြောင်းသိရသည်။ လက်ရှိ ရန်ကုန်မြို့တွင်စက်သုံးဆီရရှိသည့်ဆိုင်များမှာစက်သုံးဆီပြတ်လပ်မှုများကြောင့် ဆီရရှိသည့်ဆိုင်များမှာ ကော်မတီမှကြေညာထား သော်လည်း အရောင်းဆိုင်စာရင်းများ၏ ထက်ဝက်ပင်မရှိကြောင်းမြို့ခံများ၏အဆိုအရသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အဌားယာဥ် 
#စက်သုံးဆီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly