နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၈ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ မုန်းမြို့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၀ တပ်စခန်းကို သိမ်းပိုက်ပြီး နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံတော်ကို လွှင့်ထူလိုက်သည့် ရုပ်သံဖိုင်ကို အထူးကွန်မန်ဒိုတပ်ရင်း - တောင်ပိုင်းတိုင်းက ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် နေ့လယ် ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 

  • ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် တော်လှန်ရေးသည်အလှည့်အပြောင်း အချိုးအကွေ့တစ်ခုကို မကြာခင် ရောက်ရှိလာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။ 

  • စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနစ်ကစပြီး စစ်ကောင်စီကျူးလွန်ထားသည့် အဓမ္မလုပ် အားခိုင်းစေမှု ၁၇၈ကြိမ်မှာ လူပေါင်း ၃,၀၀၀ကျော်ဟာ သားကောင်ဖြစ်နေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း ၊ အမရပူရမြို့နယ် လ၀ကရုံးကို ယမန်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံပျူစောထီးရွာမှ ပျူသုံးဦးအား ပစ်ခတ်တိုက်ခိုက်ရာ တဦးသေဆုံးပြီး ၎င်းကိုင်ဆောင်သော သေနတ်နှင့် ခဲယမ်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း PHOENIX(SGG) တပ်ဖွဲ့မှ ဒီဇင်ဘာလ ၇ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊ ရွှေဘိုတက္ကသိုလ်‌ရှေ့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် ခလရ(၈၇)မှ တပ်သား ဖိုးလပြည့် သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့တွင် ရဲတပ်သားတဦးက သေနတ်နှစ်လက်နှင့် ခဲယမ်းများယူဆောင် လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရွှေဘိုတက္ကသိုလ်နှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး (ကညန)၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအားတိုက်ခိုက်ခဲ့ကြောင်း စိုင်နိုင် တိုက်နယ် ပကဖ(သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)က သတင်းထုတ်ပြန်သည်။ 

  • ဗန်းမောက်-ပင်လည်ဘူး ထိစပ်ဒေသမှ စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်စွဲထားသော အဓိက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ 

  • ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ် အတွင်း စက်သုံးဆီပြတ်လပ်မှု ပြန်လည်ဖြစ်ပေါ်နေပြီး အဝေးပြေးဂိတ်ရှိ ယာဉ်လိုင်းအချို့ ရပ်နားထားကြောင်း သိရသည်။ 

  • မကွေးတိုင်း ၊ ဆိတ်ဖြူမြို့နယ် ၊ ကဇွန်းမရွာ နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့‌ေတွက ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းအချိန်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ MDF Special Force တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

  • တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ဒေသခံ ၂၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ထံက သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်တစ်မျိုးသားလုံးမျှော်မှန်းထားသည့် လွတ်လပ်သော ကရင့်နိုင်ငံအတွက် လူကြီး နှင့် လူငယ် တိုင်ပင်ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကြရန် KNU ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောလိုက်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 

  • ကိုးကန့် ကွမ်းလုံဒေသကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြီးစားဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ၌ တအာင်းတပ်မတော်(TNLA)က မိုင်းခွဲတိုက်ခိုက်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်း နှစ်ဦးကျဆုံးခဲ့ရခြင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုများ လက်ခံရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ် ဗျူဟာကုန်းအား ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ထိုးစစ်ဆင်တိုက်ခိုက်လာရာ ရက်ပေါင်း ၄၂ရက်တိုင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူသုံးခုခံနေရဟု တအာင်း(TNLA)၊ကိုးကန့် (MNDAA)နှင့် ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ  

  • ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်းနှင့် ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာသော ရလာဒ်များကို အခြေခံကာ ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောင် ရွက်နေပြီး ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်း ကြရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ 

  • ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ရှောင် ပြည်သူများကို ထိထိရောက်ရောက် အကူအညီပေးရန် မြန်မာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ထောက်ပံ့ရေး အထူးအဖွဲ့တခု ဖွဲ့စည်းသွားမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားကြောင်း ရိုက်တာ သတင်းဌာနက​ဖော်ပြသည်။ 

  • ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် (ပန်းရောင်ကတ်)ယာယီ နေထိုင် အလုပ်လုပ် ခွင့်ကတ် လျှောက်ထားဖို့ အချိန်တွေကိုတိုးမြှင့်ပေးခဲ့ပြီး ယင်းကတ်ပြုလုပ်ရန် အလုပ်သမား တစ်ဦးကို လျှောက်ထားခ အနည်းဆုံးဘတ် ၂၉၄၀မှ အများဆုံးဘတ် ၃၅၅၀ ကျသင့်မည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကနေ သိရသည်။ 

  • ပြည်တွင်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့ကြောင်း သိရသည်။ 

  • ပြင်ဦးလွင်က ဗိုလ်လောင်းသင်တန်း သင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်ပွဲများသည် အကန့်အသတ်အတားအဆီးမဲ့လာနေပြီး အရပ်မျက်နှာ အမျိုးမျိုး ကနေ ပုံစံ အမျိုးမျိုး ဖြင့် ပုံဖော်တိုက်ခိုက်လာနိုင်ကြောင်း နည်းပညာနှင့် အညီပြောင်းလဲလာသည့် စစ်နည်း ဗျူဟာများကို လေ့လာနေကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သင်တန်းဆင်း မိန့်ခွန်း ပြောဆိုသည်။ 

ဒီဇင်ဘာ ၈ သုံးသပ်ချက် 

  • စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် စစ်ရှုံးလာချိန်တွင် ငြိမ်းချမ်းရေးစကားများ ပြောဆိုလာသကဲ့သို့ တိုက်ပွဲများကြောင့် ပြည်သူများ ပိုမိုအထိနာမည်ဟုဆိုသည့် ခြိမ်းခြောက်စကားများ ပြောဆိုလာသည်။ 

  • စစ်ကိုင်းတိုင်းတွင်  စစ်ကောင်စီအင်အားလျော့နည်းလာသည့်အတွက် တချို့စစခန်းများ  စွန့်ခွာနေသလို တော်လှန်ရေးအင်အားစုများမှလည်း သိမ်းပိုက်နိုင်လာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly