တရုတ် လူငယ်များအကြား ခြိမ်းခြောက်နေသော အလုပ်လက်မဲ့ ပြဿနာ

By Financial Post
08 December 2023
တရုတ် လူငယ်များအကြား ခြိမ်းခြောက်နေသော အလုပ်လက်မဲ့ ပြဿနာ
Photo: AFP

တရုတ်တွင် အကျပ်အတည်း ဖြစ်စေနိုင်လောက်သော စီးပွားရေးနှေးကွေးမှုနှင့်  အစိုးရမှ အလုပ်အကိုင် များ လုံလောက်အောင် မဖန်တီးပေးနိုင်မှုတို့ကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း သည် လူငယ်များကို ထိတ်လန့်တုန်လှုပ်စေသည်။ အကန့်အသတ်ရှိသော အစိုးရရာထူးများအတွက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာသည်။ လူငယ်များသည် အခြေခံ အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင်များ နှင့် ကျေးလက်ရှိ လယ်ယာလုပ်ငန်းခွင်များတွင် လုပ်ကိုင်ရန် တွန်းအားပေးခံနေရသည်။ 

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးနှေးကွေးမှု သည် နောက်ခံအခြေအနေ တရပ်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများတွင် အစိုးရမှ ဝင်ရောက်စွက်ဖက်မှုများနှင့် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ပုဂ္ဂလိက ကုမ္ပဏီအများအပြား ပိတ်ပစ်ခဲ့ရပြီး နိုင်ငံတကာ လုပ်ငန်းများလည်း ထွက်ခွာသွားခဲ့ကြသည်။ ယင်းကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာကာ ဘွဲ့ရလူငယ်များနှင့် ကျွမ်းကျင်ပညာရှင်များကို အများဆုံးထိခိုက်စေသည်။ "လူငယ် အလုပ်လက်မဲ့ အ‌ရေအတွက် ဟာ အနည်းဆုံး  ငါးနှစ်ကနေ ၁၀ နှစ်အထိ များနေဦးမှာ" ဟု Huatai Asset Management မှ စီးပွားရေးပညာရှင်ကြီး ဝမ်ဂျွမ်း က ပြောသည်။

ဝန်ထမ်း လစ်လပ်နေရာ ၃၉,၆၀၀ အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန် လူငယ် သုံးသန်းခန့် စာရင်းပေးသွင်းသည့် မှတ်တမ်း ကို ကြည့်ခြင်းအားဖြင့် တရုတ်တွင် လူငယ် အလုပ်လက်မဲ့နှုန်း ပြင်းထန်မှုကို တိုင်းတာနိုင်သည်။ အလုပ်လက်မဲ့ အခြေအနေများကြောင့် တရုတ်လူငယ်များ ၏ စိုးရိမ်ပူပန်မှုများကို ဆိုရှယ်မီဒီယာတွင် အများအပြား တွေ့မြင်ရသည်။ “ကုမ္ပဏီတွေက ဝန်ထမ်းတွေကို အလုပ်မှ ထုတ်ပယ်ပြီး ပိတ်သိမ်းကြတယ်။ တည်ငြိမ်မှု လုံးဝမရှိတော့တာကြောင့် အစိုးရ ဝန်ထမ်း အလုပ်ကို ရွေးချယ်ရမှာ ဖြစ်တယ်။ ဝင်ငွေ နည်းနည်းပဲ ရပေမယ့် အနည်းဆုံး‌တော့ အလုပ်လက်မဲ့ မဖြစ်တော့ဘူး။ ငတ်ပြီး မသေတော့ဘူးပေါ့” ဟု လူငယ်တဦးမှ Weibo တွင် ရေးသားခဲ့သည်။ 

အလုပ်အကိုင် အခွင့်အလမ်းများသည် တရုတ်၏ လူဦးရေ တိုးပွားမှုနှုန်း၊ စီးပွားရေး တိုးတက်မှုတို့နှင့် တထပ်တည်း တိုးမြင့်လာခဲ့ခြင်း မရှိပါ။ ၂၀၁၂ တွင် အလုပ်လုပ်သူဦးရေ ၇၆၂ ဒသမ ၅၄ သန်း ရှိခဲ့ပြီး ဆယ်စုနှစ် တခုအကြာတွင် ၇၃၃ ဒသမ ၅၁ သန်းအထိ လျော့ကျသွားခဲ့သည်။ ယခုအချိန်တွင် တရုတ်၏ စီးပွားရေး နှေးကွေးမှုက အလုပ်အကိုင် အခွင့်အလမ်းကို ပိုဆိုးစေသည် ဟု စီးပွားရေးပညာရှင် ဂျော့ရှ်မဂ်နက်စ် က ပြောသည်။ “အထူးသဖြင့် လူငယ်တွေအတွက် လုပ်သားဈေးကွက်က ဆိုးဆိုးရွားရွား ပျက်စီးနေတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၃၀ နှစ်အရွယ် ဂေါင်ချန်ကျွင်း က ၎င်း လုပ်ကိုင်နေသော ဟန်ကျိုး ရှိ နည်းပညာကုမ္ပဏီ ပိတ်သိမ်းလိုက်ခြင်းကြောင့် ရွာတစ်ရွာရှိ စတော်ဘယ်ရီခြံတွင် အလုပ်လုပ်နေရသည်။ မြို့ပြအလုပ်အကိုင် ရှားပါးခြင်း က ပညာတတ် လူငယ်တစ်ဦးဖြစ်သည် ဂေါင်ကို ကျေးလက်ဒေသများသို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် တွန်းအားပေးနေသည်။

“အဖေရဲ့ မိသားစုက လယ်သမားတွေအဖြစ် တသက်လုံး လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ဆန္ဒတခုကတော့ သားသမီးတွေကို မတူကွဲပြားတဲ့ဘဝမျိုး ပိုင်ဆိုင်စေချင်ကြတယ်။ တကယ်လို့ ကျွန်တော်က လယ်ယာလုပ်ငန်းကို ပြန်လုပ်မယ်ဆိုရင် ဘာကြောင့်များ နှစ်ပေါင်းများစွာ ကျောင်းတက်ခဲ့ရတာလဲလို့ တွေးမိပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်တွင် အလုပ်လက်မဲ့နှုန်းသည် ငါးရာခိုင်နှုန်းကျော်ရှိပြီး ၎င်းသည် ၂၀၂၈ အထိ ဆက်လက်ရှိ နေနိုင်သည်။ ထို့ပြင် တရားဝင်အလုပ်သမားအချက်အလက်စာရင်းတွင် မပါဝင်သော ကျေးလက်ဒေသ အလုပ်လက်မဲ့နှုန်းက ပိုမိုဆိုးရွားသော အခြေအနေကို ဖြစ်လာစေနိုင်သည်။ "ကျေးလက်ဒေသက လူဘယ်နှစ်ယောက် အလုပ်လက်မဲ့ဖြစ်တယ်ဆိုတာ ခင်ဗျားတို့သိလား။ ကျေးလက်ပြည်သူတွေရဲ့ အလုပ်လက်မဲ့ နှုန်းကို သုည လို့ သတ်မှတ်ထားတယ်။ အဓိပ္ပာယ်ကတော့ ကျေးလက်နေသူတွေက အလုပ်လက်မဲ့မဖြစ်ရဘူး။ အကြောင်းက သီအိုရီအရ တရုတ်မှာရှိတဲ့ ကျေးလက်မိသားစုတိုင်း က  လယ်ယာမြေကွက်ငယ်တခု ပိုင်ဆိုင်တာကြောင့်လို သတ်မှတ်တယ်" ဟု China's Economy and Institutions ဆိုင်ရာ Stanford Center ၏ တွဲဖက်ဒါရိုက်တာ စကော့တ် ရိုဇယ်လီ က ဆိုသည်။

"မြို့ပြဒေသမှာရှိ တဲ့ လူငယ်တွေက ကပ်ရောဂါလွှမ်းမိုးမှုနှင့် ဘွဲ့ရဦးရေ များပြားမှုကြောင့် အလုပ်အကိုင် ရှာဖွေရာမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရ” ကြောင်း Guangdong Society of Reform ၏ အမှုဆောင် ဥက္ကဋ္ဌ ပန်ပန်း က ပြောသည်။ မကြာသေးမီက ဘွဲ့ရကျောင်းသားများသည် ၎င်းတို့၏ ဒေါသနှင့် စိုးရိမ်ပူပန်မှုများကို ဖော်ပြရန်အတွက် ဘွဲ့ဝတ်စုံဝတ်၍ မျက်နှာများ အောက်သို့ နှိမ့်ချထားသော ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ကြသည်။

လူငယ်များ အလုပ်လက်မဲ့ဖြစ်မှုသည် တရုတ်အစိုးရအတွက် အဓိက ခေါင်းခဲစရာဖြစ်လာသောကြောင့် "တည်ငြိမ်မှုအတွက် ကာလတိုပြင်ဆင်မှု နှင့် အလုပ်လက်မဲ့ဒဏ်ကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေး ပဋိပက္ခများကို ဖြေလျှော့ရန်" ယာယီအလုပ်များဖြစ်သည့် လုံခြုံရေးအစောင့်များ၊ ဧည့်ကြိုအလုပ်များ ကို စီစဉ်ပေးရန် ဝမ်ဂျွန်း က ဆိုသည်။  အသက် ၂၃ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရ လျူ သည် မိုဘိုင်းဖုန်း အရောင်းဝန်ထမ်း  အလုပ်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ “ကျွန်မ အကြိမ်ကြိမ် တွေးနေမိတယ်။ ဒီအလုပ်လုပ်ရမယ် ဆိုရင် ကောလိပ်တက်တာ ဘာထူးသေးလဲ" ဟု သူမကပြောသည်။

ကောလိပ်ဘွဲ့ရများနှင့် အလုပ်လက်မဲ့များအား ဆင်းရဲခက်ခဲမှုကို ခံနိုင်ရည်ရှိပြီး ကျေးလက်တွင် အလုပ်လုပ်ရန် သမ္မတ ရှီ က ညွှန်ကြားထားသည်။ ကျေးလက်ဒေသများ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများတွင် လူငယ်များကို ပါဝင်လုပ်ဆောင်ရန် တရုတ်အစိုးရက ရည်ရွယ်သည်ဟု ဆိုသည်။ 

၎င်းသည် အလုပ်လက်မဲ့လူငယ်များ၏ လှုံ့ဆော်မှုများကို ကြိုတင်ကာကွယ်ရန် အကြောင်းပြသည့် နိုင်ငံရေးလှုပ်ရှားမှု ဟု ဟောင်ကောင် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်မှ လူမှုဗေဒ တွဲဖက် ပါမောက္ခ ဂျန်နီချန်း က ဝေဖန်သည်။ “ဒါက လူငယ်အလုပ်လက်မဲ့ အကျပ်အတည်းကို ရွှေ့ဆိုင်းလိုက်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရ က တိုင်းပြည် စီးပွားရေးအရှိန်အဟုန်ကို မြှင့်တင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ အချိန် ကို နောက်ဆုတ်ဖို့ သာ ကြိုးစားနေတယ်” ဟု ချန်းက ဆိုသည်။

ကျေးရွာများသို့ အလုပ်သွားလုပ်သော လူငယ်များသည် လစာနည်းပြီး အနာဂတ်တိုးတက်မှု မရှိခြင်းကြောင့် ပျော်ရွှင်မှု မရှိကြပေ။ ပညာရေးလေ့လာနေသူများနှင့် အချိန်ပြည့် အလုပ်လိုချင်သူများ အတွက် ကျေးလက်အလုပ်များကို အကြံပြုမည် မဟုတ်ကြောင်း ရန်ကျိုး မှ ဘွဲ့ရ လူငယ်တဦး ဖြစ်သူ လီကျင်းက ပြောကြားသည်။ “ဒီလို အတွေ့အကြုံက သူတို့ရဲ့ အနာဂတ်အလုပ်အတွက် အထောက်အကူ သိပ်မဖြစ်နိုင်သလို အလုပ်ခန့်ထားချိန်မှာလည်း အလုပ်ရှင်က ပညာတတ် လူငယ်တွေကို ကွဲပြားစွာ ရှုမြင်မှာ မဟုတ်ဘူး” ဟု သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly