ခွင့်မဲ့နဲ့ စစ်ပြေးအကျဉ်းသားတချို့ကို ပြန်လွှတ်ကာ စစ်သား အင်အားစုဆောင်းရန် စစ်မှုပြန်ထမ်းခိုင်း

By မဇ္ဈိမ 
08 December 2023
ခွင့်မဲ့နဲ့ စစ်ပြေးအကျဉ်းသားတချို့ကို ပြန်လွှတ်ကာ စစ်သား အင်အားစုဆောင်းရန် စစ်မှုပြန်ထမ်းခိုင်း

အကြမ်းဖက်စစ်ကောင်စီက အစိုးရအဆက်ဆက် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံနေရတဲ့ စစ်သားဟောင်းများအားလုံး ကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး စစ်တပ်မှာ တစ်ဆင့်တိုးရာထူးဖြင့် စစ်မှုပြန်ထမ်းခိုင်းလိုက်ကြောင်း သိရပါတယ်။

တပ်ကနေ ခွင့်မဲ့ပျက်ကွက်သူတွေ၊ စစ်ပြေးတွေအနေနဲ့ စစ်မှုပြန်ထမ်းမယ်ဆိုရင် လက်ခံသွားမယ့်အကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၄ ရက်နေ့က ကြေညာလိုက် ပြီးနောက် ပြစ်ဒဏ်ကျခံနေရသော်လည်း စစ်မှုထမ်းဆောင်လိုသော စစ်သည်များကို ခံဝန်ဖြင့် ဒီဇင်ဘာလ ၇ ရက် (အမျိုးသားနေ့)မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ခွင့်မဲ့နဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုမှုတွေရှိခဲ့တာကြောင့် နီးစပ်ရာတပ်တွေမှာ စစ်မှုပြန်ထမ်းတာကို လက်ခံမယ်လို့ စစ်ကောင်စီက ကြေညာခဲ့တာပါ။

ဒီအတွက် ဆက်သွယ်လာတဲ့လူ ထောင်နဲ့ချီရှိနေပြီလို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီပိုင် မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  အစိုးရအဆက်ဆက် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းကျခံနေသော ရာဇဝတ်သား စစ်သားဟောင်း များကို အကျဉ်းထောင်များမှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း၊  လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့  စစ်သားဟောင်းများတွင် စစ်ပြေးမှု ၊ စည်းကမ်းဖောက်ဖျက်မှု ၊ စစ်မှုထမ်းချိန်တွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ပါဝင်ကြောင်း  သိရပါတယ်။

လွတ်ငြိမ်းခွင့်ရရှိတဲ့ စစ်သားဟောင်းများအနေနဲ့ တပ်မတော်အက်ဥပဒေပုဒ်မ-၁၈၂၊ပုဒ်မခွဲ(က)အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့မှစကာ ကျခံနေရတဲ့ ပြစ်ဒဏ်အချိုးအစားအလိုက် သတ်မှတ်ကာလ သို့မဟုတ် ကိုယ်တိုင်ဆန္ဒပြုသည့်ကာလကို ဆက်လက်စစ်မှုထမ်းရမှာဖြစ်ကြောင်း၊ ထမ်းဆောင်ရန်ပျက်ကွက်ပါက ကျန်ရှိတဲ့  ပြစ်ဒဏ်ကိုဆက်လက်ကျခံရမယ်ဆိုတဲ့ စည်း ကမ်းချက်ဖြင့် စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်း၊  တစ်နည်းအားဖြင့် စစ်သား အင်အားစုဆောင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်သားသစ် စုဆောင်းရေး အခက်တွေ့နေပြီး အင်အားချည့်နဲ့လာတဲ့အတွက် စစ်ပြေးနဲ့ ခွင့်မဲ့ စစ်သားတွေကို ထုတ်သုံးလာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကမှတ်ချက်ပြုထားပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ထောင်ထွက် စစ်သားဟောင်း အရေအတွက် ၁၀၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly