ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပြောဆိုနေတဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများကိုသာ တိုးမြှင့်လုပ်ဆောင်နေ

By မဇ္ဈိမ 
08 December 2023
ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပြောဆိုနေတဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများကိုသာ တိုးမြှင့်လုပ်ဆောင်နေ

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်းနဲ့  ဆက်လက်ဆွေးနွေးမှုများမှ ရရှိလာတဲ့ ရလာဒ်တွေကို အခြေခံကာ  ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်ဖို့  ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးဆီသို့ လျှောက်လှမ်းကြရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အားလုံး NCA တွင်ပါဝင်လာနိုင်ရေး အမြဲတံခါးဖွင့် ကြိုဆိုလက်ကမ်းထားတယ်လို့လည်း ဒီဇင်ဘာ (၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်တွင်ကျရောက်သည့်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒိုတာဝန် အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမယ့် ပြည်တွင်း ပြည်ပ ရန်များကို ကာကွယ်စောင့်ရှောက်နေတယ်လို့လည်းဆိုထားပါတယ်။

လက်ရှိကာလဟာ တိုင်းရင်းသားအားလုံးရဲ့ ညီညွတ်တဲ့ စုပေါင်းအားဖြင့် နိုင်ငံတော်အစိုးရ၊ စစ်တပ်တို့နဲ့ လက်တွဲပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမယ့် အချိန်ကာလဖြစ်တယ်လို့လည်းဆိုထားပါတယ်။

နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းဖို့ စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့များအပြင် ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု ပါဝင်ရန် အရေးကြီးကြောင်း စစ်ကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းပြောကြားထားပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို အမြဲတမ်းတွေးတောနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

လက်တွေ့မြေပြင်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေရဲ့ စစ်ဆင် ရေးတွေအတွင်း ထိန်းချုပ် နယ်မြေအများအပြားဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုသုံးပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

အထူးသဖြင့် မြို့နဲ့ တပ်စခန်းတွေအများဆုံး စွန့်လွှတ်ခဲ့ရတဲ့ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေအတွင်း တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုလည်း တစ်ဟုန်ထိုး တိုးလာပြီး ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်နေတဲ့ ရှမ်းပြည်နယ်မှာ အရပ်သားထိခိုက်မှုအများဆုံး ဖြစ်နေတာပါ။

အရပ်သားထိခိုက်သေဆုံးမှု ဒုတိယအများဆုံးက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ ကောလင်း၊ ခါမ်းပါတ် နဲ့ ရွှေပြည်အေးမြို့တွေကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေမှာ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နောက်ထပ် ထိခိုက်မှုအများဆုံးက ကယားပြည်နယ် ဖြစ်ပြီး စစ်ရေးဗျူဟာအရ စစ်ကောင်စီတပ်က အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။
 
ဒါပေမဲ့ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဘယ်တုန်းကမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာမရှိဘူးလို့ သာသတင်းထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်က စစ်ရေး အရေးနိမ့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အရပ်သားတွေကို တိုက်ခိုက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးတွေကို အဟန့်အတားဖြစ်စေတဲ့ နည်းလမ်းတွေ လုပ်နေတယ် လို့ လည်း မြန်မာ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ကြေညာချက်ထုတ်ပြန် ပြောကြားထားပါတယ်။

အရပ်သားတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ ကိုလည်း လူတွေ ကျေးရွာတွေ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ IDP စခန်းတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်နိုင်မယ့် လေယာဉ်ဆီ ဖြတ်တောက်ဖို့ ကိုလည်း သူက တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly