စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ တိုင်ကြား

By မဇ္ဈိမ 
08 December 2023
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ တိုင်ကြား

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်အရာရှိခြောက်ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)က  ဒီဇင်ဘာ ၆ ရက်မှာ တင်သွင်းလျှောက်ထားလိုက်ပါတယ်။ 

 ဒါဟာ ရိုဟင်ဂျာတွေအပေါ် ဆယ်စုနှစ်များစွာကြာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ခံမှုဆီဦးတည်တဲ့ သမိုင်းခြေလှမ်းဖြစ်ပြီး တရားမျှတမှုအတွက် ကာလရှည်ကြာတိုက်ပွဲဝင်ခဲ့တဲ့ အသီးအပွင့်တွေစတင်နေပြီဆိုတာ ပြသနေတယ် လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့  ဥက္ကဋ္ဌ ဦးထွန်းခင်က အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ 

နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားတဲ့သူတွေထဲမှာတော့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ အမိန့်ပေးစေခိုင်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့က ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အမှတ် (၃၃) ခြေမြန်တပ်ရင်း တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ရဲအရာရှိ ကျော်ချေနဲ့ ကျေးရွာဥက္ကဋ္ဌ အောင်ဆန်းမြတို့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ မြန်မာ-ရိုဟင်ဂျာအသင်း(ယူကေ)က တရားလိုလုပ်ပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုအပါအဝင် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအပါအဝင် အာဂျင်တီးနား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မအောက် ပြစ်မှုများစွာနဲ့  မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား တရားစီရင်ရေးပိုင်းက ဒီရာဇဝတ်မှုတွေကို တစိုက်မတ်မတ် စုံစမ်းစစ်ဆေးနေခဲ့ပြီး ဖြစ်ပါတယ်။ 

အခုအခါမှာတော့ တရားရုံးအနေနဲ့ ဒီပုဂ္ဂိုလ် ၇ ယောက်မှာ တာဝန်ရှိကြောင်း ထင်ရှားနေတဲ့ သက်သေ အထောက်အထားတွေနဲ့အညီ တုံ့ပြန်ဆောင်ရွက်ပေးပြီး နိုင်ငံတကာ ဖမ်းဝရမ်းအမိန့်ကို ချက်ချင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားတာပါ။

အခု တောင်းဆိုချက်ကို ဗျူနိုအေးရိစ်က ဖက်ဒရယ်တရားရုံးအမှတ် ၁ နဲ့ တရားစွဲအဖွဲ့က ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး တရားရုံးကလက်ခံရင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်မှာ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်တဲ့အထိ အလိုအလျောက်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

 အခု ဖမ်းဝရမ်းတောင်းခံမှုမှာ တာဝန်ရှိသူ ခုနစ်ဦးကို အမည်တပ်ပေမယ့် နောက်ထပ်လည်း ပြစ်မှုကျူးလွန်သူတွေကို ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (IIMM) ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားကျူးလွန်သူတွေကို ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားစွဲဆိုသင့်ကြောင်း အကြံပြုထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့တဲ့အပြင် မြန်မာစစ်တပ်ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေးအတွက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပါတယ်။

နိုင်ငံတကာဥပဒေတွေအရ အလွန်ဆိုးဝါး ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်နိုင်ငံတရားရုံးကမဆို တရားစွဲဆိုပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ Universal Jurisdiction သဘောတရားအရ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်မှုအတွက် တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်ကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly