ကျောက်ဆည်မြို့ရှောင်လမ်းတွင် စက်သုံးဆီတင် တွဲကားမီးလောင်

By 008(မဇ္ဈိမ)
08 December 2023
ကျောက်ဆည်မြို့ရှောင်လမ်းတွင် စက်သုံးဆီတင် တွဲကားမီးလောင်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းတွင် ယနေ့  ဒီဇင်ဘာ ၈ရက်၊ နံနက် ၈နာရီ ၁၅မိနစ်ခန့်က စက်သုံးဆီသယ်လာသည့် တွဲကား မီးလောင်ခဲ့​​ကြောင်းသိရသည်။

အဆိုပါတွဲကားသည် ရန်ကုန်မြို့မှကချင်ပြည်နယ်၊ဖားကန့်သို့ စက်သုံးဆီပို့ရန် တင်ဆောင်လာခြင်းဖြစ်ပြီး ကျောက်ဆည်မြို့ရှောင်လမ်းတွင် နောက်တွဲပြုတ်ကျကာ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တဦးကဆိုသည်။

"မီးသတင်းရရခြင်း ကျွန်တော်တို့ ဖြစ်စဥ်နေရာကို တန်းထွက်တယ်။ ရောက်တဲ့အချိန်မှာကို အတော်လောင်နေပါပြီ။ လူထိခိုက်တာတော့မရှိဘူး။ယာဥ်‌ေမာင်းက နောက်တွဲ ပြုတ်ထွက်ပြီး လောင်တယ်လို့ ပြောတယ်"ဟု ကျောက်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တဦးကပြောသည်။

ထိုနေရာသို့ ကျောက်ဆည်၊တံတားဦး၊စဥ့်ကိုင်မြို့နယ်တို့မှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ကြကြောင်းသိရသည်။

လက်ရှိ ကချင်ပြည်နယ် မိုးညှင်း၊မိုးကောင်း၊မြစ်ကြီးနား၊ဖားကန့်စသည့်မြို့နယ်တို့တွင် ၉၅ တလီတာ ၄,၅၅၀ကျပ်၊ပရီမီယမ် တလီတာ ၄,၂၀၀ကျပ်နှင့်ရိုးရိုး တလီတာ ၄,၁၀၀ကျပ် စျေးပေါက်ကြောင်း ဒေသခံများထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly