စစ်ကောင်စီက အကူအညီ တောင်းခံသော်လည်း တရုတ်ထံမှ ‘လက်တွေ့အလုပ်ဖြစ်ရေး’ သာ မျှော်လင့်နိုင် 

စစ်ကောင်စီက အကူအညီ တောင်းခံသော်လည်း တရုတ်ထံမှ ‘လက်တွေ့အလုပ်ဖြစ်ရေး’ သာ မျှော်လင့်နိုင် 
စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တို့ ဗုဒ္ဓဟူးနေ့က ဘေဂျင်းတွင် တွေ့ဆုံစဉ်

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ အသစ်တဖန် ဖြစ်ပွားပြီး တလအကြာတွင် မြန်မာအာဏာသိမ်း စစ်ကောင်စီသည် တည်ငြိမ်ရေး လမ်းကြောင်းအတွက် ကူညီထောက်ပံ့ပါရန် တရုတ်အား တောင်းဆိုသော်လည်း တရုတ်က“သတိထားသော လက်တွေ့ အလုပ်ဖြစ်ရေး” ကိုသာ ရှေ့ရှုလိမ့်မည်ဟု အကဲဖြတ်များက ယုံကြည်ထားကြသည်။ 

တရုတ်ထိပ်တန်းသံအမတ် ဝမ်ယီနှင့် မြန်မာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဒေသတွင်း အစည်းအဝေးတရပ် မတိုင်မီ ပေကျင်း၌ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံရာ၌ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

“မြန်မာနိုင်ငံဟာ ပြည်တွင်း စိန်ခေါ်မှု အမြောက်အမြားကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့ တရုတ်ထံမှ အထောက်အပံ့နဲ့ အကူအညီ ဆက်လက်ရရှိမယ်လို့ မျှော်လင့်မိပါတယ်”ဟု ဦးသန်းဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

တရုတ်အနေဖြင့် မြန်မာ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ မကြာခင်တွင် ဖွဲ့စည်းပုံမူဘောင်အောက်မှ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ကြဉ်းနိုင်ပြီး နိုင်ငံရေး အသွင်ကူးပြောင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဝမ်ယီက ပြောခဲ့သည်။ 

မြန်မာနိုင်ငံ မြောက်ပိုင်း ပြည်နယ်များဖြစ်သော ရှမ်း၊ ကချင်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့အနှံ့ အောက်တိုဘာ နှောင်းပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စုဖွဲ့ထိုးစစ်ကြီးတရပ်ကို ဆင်နွှဲလာသည်။ 

တရုတ်၏ အရှေ့တောင်ပိုင်း ယူနန်ပြည်နယ်သည် မြန်မာရှိ ရှမ်းနှင့် ကချင်ပြည်နယ်များနှင့် နယ်စပ် ကီလိုမီတာ ၂,၀၀၀ (၁,၂၅၀ မိုင်) ထိစပ်နေသည်။ 

ဒေသတွင်း တည်ငြိမ်ရေးကို ထောက်ပံ့ကူညီရန် တရုတ်က တရုတ်က ဆန္ဒရှိနေသည်ဆိုသော်လည်း တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရေး လိုအပ်သည်ထက် ကျော်လွန်ပြီး မြန်မာနိုင်ငံ၏ အခြေအနေ၌ ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ကြောင်း အကဲဖြတ်များက ပြောကြသည်။ 

မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို တရုတ်က ချည်းကပ်ရာ၌ “တည်ငြိမ်ရေးကို ရှေ့ရှုသော်လည်း အချုပ်အခြာအာဏာကို အလေးထားကြောင်း” ပေကျင်းအခြေစိုက် တရုတ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း စင်တာမှ အကြီးတန်းသုတေသီ အင်ဒီ မို့က ပြောသည်။ 

“တရုတ်ဟာ သူ့ရဲ့ ပြည်တွင်းရေး မစွက်ဖက်ရေး မူဘောင်ကို ဆွဲကိုင်ထားပေမယ့် ဒေသတွင်း လုံခြုံရေး အကျိုးစီးပွားမှာ မဟာဗျူဟာ အထောက်အပံ့နဲ့ ဟန်ချက်ညီဖို့ကို ဆန္ဒရှိကြောင်း ဖော်ပြထားတယ်”ဟု ၎င်းက ပြောသည်။ 

ဦးသန်းဆွေ၏ ယခု တောင်းဆိုမှုသည် မြန်မာစစ်ကောင်စီအနေဖြင့် နိုင်ငံရေးအခြေအနေ၌ ကူညီရန် တရုတ်အား ပထမဆုံး လူသိရှင်ကြား မေတ္တာရပ်ခံမှုပဲ ဖြစ်သည်။ တရုတ်သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိသကဲ့သို့ပင် ဆိုင်ဘာရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် မြန်မာမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိထားသည်။ 

စစ်ကောင်စီသည် တိုင်းရင်းသားတို့၏ ထိုးစစ်များကြောင့် မြောက်ပိုင်းပြည်နယ်များတွင် အရေးနိမ့်လာသည့်နောက် တရုတ်အပြင် အိန္ဒိယနှင့် ရုရှတို့နှင့်ပါ ဆက်ဆံရေး ခိုင်မာအားကောင်းရန် ကြိုးပမ်းနေကြောင်း တိုကျိုရှိ Waseda တက္ကသိုလ်မှ အရှေ့တောင်အာရှ နိုင်ငံရေး သုတေသီ ကယ်ဗင်ဖန်ကာရှင်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly