ကျိုက်မရောတွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် အိမ်မပြန်နိုင်သေးဘဲ အကူအညီများလိုအပ်လျက်ရှိ

By YT(မဇ္ဈိမ)
08 December 2023
ကျိုက်မရောတွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် အိမ်မပြန်နိုင်သေးဘဲ အကူအညီများလိုအပ်လျက်ရှိ
ပုံအညွှန်း- ပျားတောင်ဂူအနီး စစ်ဘေးရှောင်နေသည့် ဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ ဒေသခံ ၂၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတား(အတ္ထရံ) စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ ချောင်းနှစ်ခွ၊ တောင် ကလေး၊ ကျောက်ကွဲ၊ လှကဇိုင်း၊ မယ်တရို၊ ဖက်တေးကုန်း၊ ကော့ပနော့ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၂၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အနက် ၇၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“အမျိုးသမီး၊ လူကြီး၊ ကလေးတွေက ၇၀၊ ၈၀ ရာခိုင်နှုန်းအထိရှိတယ်။ အမျိုးသားတွေဆိုရင်လည်း လူကြီး တွေများတယ်။ ဒီဒေသတွေက အမျိုးသားနည်းတယ်။ Migrant (ရွှေ့ပြောင်းအလုပ်သမား) အဖြစ် တခြား နိုင်ငံကို သွားကြတာ” ဟု  MSFC မှ တာဝန်ရှိ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

စစ်ဘေးရှောင်များသည် နီးစပ်ရာဘုန်းကြီးကျောင်းများနှင့် ပျားတောင်ဂူတွင် ရှောင်တိမ်းနေကြရခြင်းဖြစ် ပြီး စစ်ဘေးရှောင်နေရသည်မှာ ရက်ပေါင်း ၃၀ နီးပါးရှိလာပြီဖြစ်သဖြင့် အကူအညီများစွာ လိုအပ်နေ ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းနှင့် MSFC ထံမှ သိရသည်။

“လက်ရှိအခြေအနေကတော့ ထောက်ပံ့မှုတွေ လိုအပ်နေပါတယ်၊ အခုက (ချောင်းနှစ်ခွ)ရွာရော ရွာဘေး နားကပတ်လည်ရွာတွေရော အကုန်လုံး ဘေးလွတ်ရာကိုပြောင်းရွှေ့ထားရတော့ သူတို့မှာ စားနပ်ရိက္ခာ တွေ၊ ဆေးဝါးတွေ၊ အခင်းတွေ အကူအညီတွေကတော့ အများကြီးလိုအပ်တာပေါ့” ဟု စစ်ဘေးရှောင်များ အားအကူအညီပေးနေသူတဦးက မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း- ပျားတောင်ဂူအနီး စစ်ဘေးရှောင်နေသည့် ဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

 
လက်ရှိတွင် ကျိုက်မရောမြို့နယ်တွင်း စပါယ်ဂူတံတား(အတ္ထရံ) ဘက်အထိ တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှပစ်ခတ်မှုများ အချိန်မရွေး ပြုလုပ်လာနိုင် သဖြင့် ဒေသခံများအား စုဖွဲ့မနေကြရန် ပညာပေးခြင်းများပါ ပြုလုပ်ပေးနေကြောင်း သိရသည်။

“ဒေသခံတွေက သူတို့အိမ် သူတို့ယာကို စွန့်ပြီး အဝေးကြီးမသွားချင်ဘူး။ ဒါပေမယ့် လူတွေဆက်ရှိနေ ခြင်းကြောင့် အရှေ့တောင်တိုင်းကနေ လှမ်းပြီးပစ်တာ၊ လေယာဉ်နဲ့ပစ်တာက အန္တရာယ်ရှိလာမှာကို ကြောက်တာကြောင့် တော်လှန်ရေးဘက်က နှိုးဆော်မှုတွေတော့ ရှိတယ်။

ဒါပေမယ့် ဒေသခံလည်း သူတို့ နေလို့ရ ရှောင်တိမ်းလို့ရတဲ့ နေရာတွေမှာပဲ ရှောင်တိမ်းနေဆဲဖြစ်တယ်။ စုစုဖွဲ့ဖွဲ့စုနေကြရင် လူထုကို မငဲ့ဘဲနဲ့ အဝေးကပစ်ခတ်မှုတွေ ထိမယ်ဆိုရင် နစ်နာမှာစိုးရိမ်တဲ့အတွက် အရမ်းကြီး စုမနေကြဖို့ ကျွန်မတို့ ပညာပေးတဲ့နေရာမှာ ပြောရပါတယ်" ဟု MSFC မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ကျိုက်မရောဒေသတိုက်ပွဲများအတွင်း ချောင်းနှစ်ခွတံတား (အတ္ထရံ)သည်လည်း ဖျက်ဆီးခံထားရပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးထားကာ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူများလည်း ရှိနေကြောင်း စစ်ဘေးရှောင် များအား အကူအညီပေးနေသူများထံမှ သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly