နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ ဒီဇင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၇ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်အာဏာရှင်ကို လက်တွဲညီညီ ပူးပေါင်းပါဝင်ပြီး ဆက်လက်တော်လှန်သွားရင် ခေတ်သစ် အမျိုးသားအောင်ပွဲနေ့ တရက်ကို ထပ်မံ ဖန်တီးနိုင်မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်အစိုးရ ပြောဆိုသည်။

ပဲခူးတိုင်း၊မုန်းမြို့နယ် စခန်းသိမ်းတိုက်ပွဲများအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ KNU/KNLA တပ်မဟာ (၃) ရဲ့ လက်အောက်ခံ ဝေဟင် စစ်ဆင်ရေး ဒရုန်းတပ်ဖွဲ့အဖြစ် ပါဝင်ဆောင်ရွက် ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုပပျောက်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ကြောင်း အမျိုးသမီး လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများ ၊တော်လှန် ရေးအင်အားစုများ အားလုံးနှင့်အတူ လက်တွဲသွားမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အတွက် ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်မှာ မြို့ပေါ်အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ် နိုင်ရန်အတွက် ရပ်ကွက်(၄)ရပ်ကွက်အတွင်း ရပ်ကွက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်း‌ဆောင်ရွက်နေကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌‌ရေးအဖွဲ့ ထံမှသိရသည်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး စစ်ကောင်စီ တပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရကာ နှစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိ သူတဦးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် "အမေ့လျော့ခံ သူရဲကောင်း များအတွက် ဆက်လက်တိုက်ပွဲ ဝင်စို့"စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်​ရေး လှုပ်ရှားမှုတရပ်ကို ဒီဇင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် မန္တလေးသပိတ်အင်အားစုက ပြုလုပ်ခဲ့သည်။

စစ်​ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စက်သုံးဆီဆိုင်အချို့ အရောင်းပိတ်ထားရသည့်အပြင် ဆီရရှိသည့် ဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရကာ ရေသန့်ဘူးဖြင့်ရောင်း ချနေ သည့် လမ်းဘေးဆီဆိုင်ငယ်များတွင် ဓာတ်ဆီတလီတာ ကျပ် ၆,၀၀၀ ဝန်းကျင် ရောက်ရှိ နေကြာင်း မြို့ခံများကပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခလရ(၂၅၈)မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးအသေဖမ်းမိပြီး သေနတ်တလက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီ​၏ (၂၅၈)တပ်ရင်းမှ စစ်သား သုံးဦးအား ဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများပြင်းထန်လာချိန် ကုလသမဂ္ဂ၏  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက စစ်အာဏာရှင်များထံ လက်နက်စီးဆင်းမှုများကို ရပ်တန့်ပစ်ရန် ဒီဇင်ဘာ (၆) ရက်နေ့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သည်။

မန္တလေးရှိ နိုင်ငံကူးလက်မှတ်ရုံးအတွင်း ဝင်ရောက်နိုင်ရန် ယင်းရုံးအရှေ့၌ တန်းစီသည့်နေရာ ရရှိရန်အတွက် နေရာဝယ်ယူသည့် ဈေးနှုန်းများသည် ကျပ် ၄၀၀,၀၀၀ အထိ ပေါက်‌ဈေးရှိနေပြီး နေရာတန်းစီရန် နေ့စား အငှားထားရှိထားကြောင်း နိုင်ငံကူးလက်မှတ် သွားရောက်လုပ်ဆောင် ကြသူများက ပြောသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် မြို့တွင်း၌ ပိတ်မိနေ သည့် ဒေသခံများအနေဖြင့် မြို့ပြင်သို့ အမြန်ဆုံး ထွက်ခွာလိုနေကြကြောင်း ပိတ်မိနေသည့် ဒေသခံ များနှင့် ကူညီပေးနေသူများထံက သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့၊ ဦးအောင်ဇေယျလမ်းထောင့်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခံခဲ့ရကြောင်း မြဝတီရဲစခန်းနှင့် နီးစပ်သူတဦးနှင့် မြို့ခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် သပိတ်အင်အားစုများ စုပေါင်း၍ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၀ ဦးကျဆုံးခြင်း (၂)နှစ်ပြည့်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ယနေ့ (ဒီဇင်ဘာ ၉) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါ လာသည့် ယာဥ်တန်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံး တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးပျူစောထီးကျေးရွာမှလာသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအား တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း FIRE Dragon (KU)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စျေးတစ်ခုတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ (၁၀၃) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ယနေ့ (ဒီဇင်ဘာ ၇) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဆီဆိုင်ကုန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း Depeyin Local Mobile Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်စစ်ကြောင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီ၊ လူငယ့်အားမာန်သပိတ်ကော်မတီ နှင့် ကျဆုံးရဲဘော် မိသားစုဝင်များ ပူးပေါင်းကာ ရဲဘော် ၁၀ ဦးကျဆုံးခြင်း ၂ နှစ်ပြည့် အလေးနီပြုအခမ်းအနား ကျင်းပခြင်းနှင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း လူထုသပိတ်တိုက်ပွဲကို ပုသိမ်မုံရွာလမ်းမ ပေါ်တက်ပြီး ဆင်နွှဲခဲ့ကြသည်။

ယနေ့ (ဒီဇင်ဘာ ၉)ကျရောက်သော (၁၀၃)နှစ်​မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြု လုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန် ရှိသော မင်းအောင်လှိုင် နှင့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာအရာရှိ ၆ ဦးကို နိုင်ငံ တကာဖမ်း၀ရမ်းထုတ်နိုင်‌ရေး အာဂျင်တီးနား တရားရုံးတွင် လျှောက်ထားလိုက်ကြောင်း ဗြိတိန်နိုင်ငံ ဗမာ ရိုဟင်ဂျာအဖွဲ့ (BROUK) က ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေး ပင်) ခရိုင်၊ မုန်းမြို့ပေါ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဒုတပ်ရင်းမှူးအပါ ၁၉ ဦးက လက်နက်ချ အညံခံပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့အရှေ့ဘက်ခြမ်းက စစ်အုပ်စုတပ်စခန်းအားလုံးကို ကိုးကန့် တပ်မတော် MNDAAက အပြီးသတ်ရရှိခဲ့သလို ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး အောင်မြင်ဖို့ နေရာ ၄ခုက တပ်စခန်းတွေသာ ကျန်ရှိတော့တယ်လို့ ကိုးကန့် တပ်မတော် MNDAAက ယမန်နေ့က ထုတ်ပြန်အသိ ပေးလိုက်သည်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယမန်နေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယခု ဒီဇင်ဘာလဆန်းအတွင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ပဲခူးတိုင်း၊ မုန်းမြို့ပေါ် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား နေအိမ် အဆောက် အဦးများကို ပစ်မှတ်ထား၍ လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်ကျေးရွာ ၈၅ ရွာမှ ပြည်သူ ၆၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

ပြည်သူများအနေဖြင့် မိမိတို့ လိုအပ်သည်ထက် ပိုမို ဝယ်ယူခြင်းများမပြုလုပ်ကြရန် လိုကြောင်း၊ လတ် တလော စက်သုံးဆီ ပြတ်လပ်မှု မရှိကြောင်း၊ လက်ရှိတွင် ပုံမှန် ပြည်တွင်း သုံးစွဲမှု ပမာဏထက် ပိုမို များပြားစွာ ဝယ်ယူနေကြသဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၏ ဖြည့်တင်းပေးနိုင်မှုနှင့်အညီသာ ပုံမှန် သုံးစွဲပမာဏအတိုင်း ဝယ်ယူကြရန် လိုအပ်ကြောင်း ဝါဒဖြန့် သတင်းစာများတွင် ကြေညာထား သည်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်နှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေချိန်၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအား ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် ဗုဒ္ဓဟူးနေ့က သတိပေးသည်။

မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်ရင်ကြားစေ့မှုကို လျင်မြန်စွာ ရရှိပြီး နိုင်ငံရေး အသွင် ကူးပြောင်းမှု ဆက်လက်ဖြစ်ပေါ်မည်ဟု တရုတ်က မျှော်လင့်ထားကြောင်း ထိပ်တန်း တရုတ်သံ အမတ် ဝန်ယီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေး စားပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိက ပြောကြားလိုက်သည်။

ပို့ကုန်လုပ်ငန်းရှင်းများ ပို့ကုန်ရငွေ ပမာဏ၏ ရာခိုင်နှုန်း ၅၀ အစား ၃၅ ရာခိုင် နှုန်းကိုသာ ဗဟိုဘဏ် သတ်မှတ်နှုန်းအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ် ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ် လိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

ပြည်တွင်းသုံးစွဲရန်အတွက် လိုအပ်သော စက်သုံးဆီ အလုံအလောက်ရှိပြီး ဆီတင်သင်္ဘော သုံးစီးသည် သီလဝါဆိပ်ကမ်းနှင့် ၁၀ စီးသည် ပင်လယ်ဝတွင် အသင့်စောင့်ဆိုင်းနေပြီး သက်ဆိုင်ရာ Terminal များသို့ အချိန်နှင့်တပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက် နေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၇ သုံးသပ်ချက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် မြို့များ၊စခန်းများကို စစ်ကောင်စီမှ လုံးဝပြန် မတိုက် နိုင် သည့်အပြင် ၎င်းတို့၏နောက်ထပ်စခန်းများကိုတောင် မဆုံးရှုံးအောင် ကာကွယ် နေရ သည့်အတွက် တော်လှန်ရေးအင်အားစုများသိမ်းယူထားသောမြို့များ၌ ပြည်သူ့အုပ်ချုပ်ရေး အသက်ဝင်နေပြီး ရပ်ကျေး အဆင့်အုပ်ချုပ်ရေးမှူးများကိုပါ ရွေးချယ်ခန့်ထားနိုင်သည့် အခြေ အနေရှိနေသည်။

အိန္ဒိယနိုင်ငံ နှင့်တရုတ်နိုင်ငံတို့သည် တစ်ရက်ထဲမှာပင် စစ်ကောင်စီကို ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပြန်သွားရန်နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့မှုကို လျင်မြန်စွာရရန် တိုက်တွန်း လာသည့်အတွက် စစ်ကောင်စီနှင့်နီးစပ်သည်ဟု ဆိုနိုင်သည့် နိုင်ငံများပါ ဖိအားပေးလာသည်ဟု ဆိုရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required