တနင်္သာရီတိုင်းအတွင်းမှ ရေလုပ်ငန်းအများစု အရှုံးပေါ်သဖြင့် လုပ်ငန်းထက်ဝက်နီးပါး ရပ်နားနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
07 December 2023
တနင်္သာရီတိုင်းအတွင်းမှ ရေလုပ်ငန်းအများစု အရှုံးပေါ်သဖြင့် လုပ်ငန်းထက်ဝက်နီးပါး ရပ်နားနေရ
မြိတ်ဒေသရှိ ရေလုပ်ငန်းနှင့် ငါးဖမ်းလှေများအားတွေ့ရစဉ်

တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းနှင့်မြိတ်မြို့နယ်တို့တွင် ရေလုပ်ငန်းအများစုသည် စစ်ကောင်စီလက်ထက်၌ ကုန်စျေးနှုန်းကြီးမြင့်မှုအပြင် ငွေကြေးတောင်းရမ်းမှု ယခင်ကထက်ပိုများနေ၍ အရှုံးပေါ်ကာ ရပ်နားနေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ထိုင်းဈေးကွက်၌ ရေထွက်ပစ္စည်းများစျေးကျနေခြင်းကြောင့် တွက်ခြေမကိုက်၍ ငါးဖမ်းလှေ ငါးစီးရှိလျင် သုံးစီးခန့် ရပ်နားထားရသည်ဟု ရေလုပ်ငန်းရှင်တဦးက ဆိုသည်။

မြိတ်ဒေသခံရေလုပ်ငန်းရှင်တဦးက“လက်ရှိတော့ လုပ်တဲ့သူကလုပ်နေတုန်းပဲ၊ ငါးဈေးမကောင်းတော့ နားရမလားဆိုပြီး တချို့ကလည်း ညည်းနေကြတယ်၊ ရပ်နားလိုက်တဲ့သူတွေလည်း ရှိနေကြတယ်”ဟု ပြောသည်။

စစ်ကောင်စီလက်ထက်တွင် စက်သုံးဆီစျေးနှုန်း မကြာခဏမြင့်တက်မှုကြောင့် ရေလုပ်ငန်းရှင်များအပေါ် ဂယက်ရိုက်ခတ်မှုရှိသလို ပင်လယ်ပြင်သို့ငါးဖမ်းထွက်ရန် စားနပ်ရိက္ခာများကို ကျပ်သိန်းထောင်ချီဝယ်ယူ နေရသလို စစ်ကောင်စီရေတပ်၏ ငွေကြေးတောင်းရမ်းမှုကလည်း ယခင်ကထက်ပိုများလာကြောင်း ရေလုပ်ငန်းရှင်များက ပြောသည်။

မြိတ်ဒေသရှိ ရေလုပ်ငန်းနှင့် ငါးဖမ်းလှေများအားတွေ့ရစဉ်

"ငါးဖမ်းလှေတွေ ပင်လယ်ပြင်ထွက်ရင် ရေတပ်ကို အနည်းဆုံး ဆီသုံးပီပါလောက်ပေးရတဲ့အပြင် ပိုက်ဆံ လည်းတောင်းတာရှိတယ်။ နောက်ပြီး ထိုင်းဘက် ရနောင်းကပြန်တက်လာရင် သူတို့မှာတဲ့ တန်ဖိုးကြီး ပစ္စည်းတွေနဲ့ စားစရာတွေလည်း ပေးရသေးတယ်” ဟု ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်တဦးက ပြောသည်။

ရေလုပ်ငန်းရှင်များအနေဖြင့် လက်ရှိကာလတွင် အကျိုးအမြတ်ရရှိရန် မသေချာတော့သော်လည်း အခြေ ခံလူတန်းစား ရေလုပ်သားများ၏ စားဝတ်နေရေးပြေလည်စေရန် လုပ်ငန်းလည်ပတ်နေကြခြင်းဖြစ်ပြီး ယခင်ကလို အင်အားပြည့်အလည်ပတ်နိုင်တော့ဘဲ ထက်ဝက်ခန့် လျှော့ချလုပ်ကိုင်နေကြသည်ဟုလည်း ဆိုသည်။

မြိတ်ဒေသရှိ ရေလုပ်ငန်းနှင့် ငါးဖမ်းလှေများအားတွေ့ရစဉ်

“တနင်္သာရီတိုင်းမှာက ရေလုပ်ငန်းအဓိကလုပ်နေရတော့ ဒီအလုပ်ပဲ လုပ်စရာရှိတာလေ၊ တွက်ချေမကိုက် လို့ဆိုပြီး ချက်ခြင်းကြီး ရပ်လို့လည်းမရဘူး၊ လက်လုပ်လက်စားတွေထိခိုက်မှာစိုးလို့။ အရင်က လှေ ၁၀ စီး ရှိရင်တဝက်လောက်နားပြီး သုံးစီးလောက်နဲ့လုပ်နေရတယ်။ နောက်ပြီးအခြားမြို့တွေထက် ကော့သောင်း က ဆီစျေးကအမြဲတမ်းပိုနေတယ်”ဟု ကော့သောင်းမြို့ခံ ရေလုပ်ငန်းရှင်တဦးက ပြောသည်။

စက်သုံးဆီဈေးမြင့်တက်ခြင်းနှင့် ရေတပ်သို့ ငွေကြေးပေးကမ်းရခြင်းများအပြင် စစ်ကောင်စီက နိုင်ငံခြား သို့ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းအား ၂၁၀၀ ကျပ်ဖြင့် ဗဟိုဘဏ်သို့ ရောင်းချပေးရခြင်းကြောင့် အထိနာကြောင်း ရေလုပ်ငန်းရှင်များက ပြောသည်။

မြိတ်ဒေသရှိ ရေလုပ်ငန်းနှင့် ငါးဖမ်းလှေများအားတွေ့ရစဉ်

တနင်္သာရီတိုင်းမှထွက်ရှိသော ရေထွက်ပစ္စည်းများမှာ ထိုင်းနိုင်ငံ ရနောင်းငါးစျေးကို အဓိကတင်ပို့နေခြင်း ဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly