တမူးခရိုင် ခါမ်းပါတ်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

By ပါခွီး (မဇ္စျိမ)
07 December 2023
တမူးခရိုင် ခါမ်းပါတ်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
ပုံအညွှန်း - ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်စဥ် (ဓါတ်ပုံ - NUG ကာကွယ်ရေးဝန်ကြီးဌာန)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး စစ်ကောင်စီ တပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရကာ နှစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိ သူတဦးက ပြောသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်းက ခမ်းပတ်မြို့အပြင်ဘက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသူများ၏ရုပ်အအလောင်းများကို ပြန်လည် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“တပ်စိတ်တစိတ် မြို့ပြင်မှာ ကင်းစောင့်တောနင်းရင်း စကစစစ်ကြောင်းခွင်ထဲကျွံဝင်သွားမိလို့ အဖမ်းခံ ရပြီး သတ်ခံခဲ့ရတာပါ” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

အဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ RCDF ၊ ခါမ်းပါတ်တိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် CNDF တပ် ဖွဲ့မှ ရဲဘော်များဖြစ်ပြီး လည်လှီးသတ်ဖြတ်ထားခြင်းဖြစ်ကာ ဓားဖြင့်ထိုးသွင်း ဒဏ်ရာများလည်းတွေ့ရှိရ ကြောင်း ဆိုသည်။

လွတ်မြောက်လာသူရဲဘော်နှစ်ဦးမှာ ဒဏ်ရာများရရှိထားပြီး ယခုခါ ကာကွယ်ရေးတပ်ဖွဲ့များထံ ပြန်လည် ရောက်ရှိနေပြီ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၆ ရက် ယမန်နေ့တွင် ခါမ်းပါတ်မြို့အနီးရှိ နန်သဝန်တောအုပ် အတွင်း၌ တပ်ဖျောက်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ၇ ရက်နေ့ ၌ မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ ၂ ရက်နေ့မှစတင်ပြီး ကလေးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ခန့်ဖြင့် ခါမ်းပါတ်မြို့ကိုပြန်လည်တိုက်ခိုက်ရန် တောလမ်းမှ ချီတက်လာနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

အဆိုပါစစ်ကြောင်းကို ခုခံရန် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ များ အသင့်ပြင်ဆင်ထားကြောင်း အုပ်ရေးချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ခါမ်းပါတ်မြို့အားဖျက်ဆီးရန်အကြံဖြင့် ထိုးစစ်ဆင်နေသော်လည်း မြို့နေပြည်သူ များအား ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်များ၏ အကူအညီဖြင့် ဘေးလွတ်ရာသို့ ပြောင်း ရွှေ့ပြီးခဲ့ဖြစ်ကြောင်း Tamu Region Support Center က ဒီဇင်ဘာ ၇ ရက်နေ့ ယနေ့တွင် အသိပေးထား သည်။

ခါမ်းပါတ်မြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်အရေးပါသော တမူး-ကလေးကားလမ်းမ ပေါ်တွင်တည်ရှိပြီး လူဦးရေ ၅,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly