စစ်ကောင်စီထံ လက်နက်စီးဆင်းမှုရပ်ဖို့ နဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ကုလတိုက်တွန်း

By မဇ္ဈိမ 
07 December 2023
စစ်ကောင်စီထံ လက်နက်စီးဆင်းမှုရပ်ဖို့ နဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်လာချိန် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက စစ်အာဏာရှင်တွေထံ လက်နက်စီးဆင်းမှုတွေကို ရပ်တန့်ပစ်ဖို့ ဒီဇင်ဘာ (၆) ရက်နေ့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ အရှိန်အဟုန်ပြင်းပြင်းဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် အန္တရာယ်ကျရောက်နေသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အတွက် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကျူးလွန်မှုတွေမှာ စစ်အာဏာရှင်တွေ အသုံးပြုနေတဲ့ လက်နက်စီးဆင်းမှုကို ရပ်တန့်ဖိုလိုကြောင်း ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

 

မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ အရေးယူ လုပ်ဆောင်မှုက သက်ရောက်မှုရှိပြီး စစ်အာဏာရှင်တွေဆီ လက်နက်စီးဆင်းမှုကို ရပ်တန့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အရေးပါတဲ့ အပြောင်းအလဲတွေ လုပ်နိုင်မယ် လို့ သူက ထောက်ပြပါတယ်။

 

အချိန်ထပ်ဖြုန်းလို့ မရတော့ဘဲ ပြီးခဲ့တဲ့ရက်သီတင်းပတ် အနည်းငယ်အတွင်းမှာတင် မြန်မာနိုင်ငံတဝန်းမှာ လူ နှစ်သိန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ် လို့လည်း သူက ဆိုပါတယ်။

 

စစ်တပ်ဟာ ပရမ်းပတာနဲ့ အကြမ်းဖက်မှုတွေကို လုပ်နေသူသာ ဖြစပြီး  တည်ငြိမ်ရေး ဒါမှမဟုတ် စည်းလုံးညီညွတ်တဲ့ အင်အားစုအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆမှန်သမျှကို ရပ်တန့်ထားသင့်တယ်လို့ မစ္စတာ တွမ်အင်ဒရူးကပြောပါတယ်။

 

စစ်တပ်ရဲ့ ညှာတာမှုကင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များပြားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အတိုက်အခံတွေက ပူးပေါင်းသွားစေတယ် လို့လည်း သူက ဆိုပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီဘက်က စစ်ရေး အရေးနိမ့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အရပ်သားတွေကို တိုက်ခိုက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးတွေကို အဟန့်အတားဖြစ်စေတဲ့ နည်းလမ်းတွေ လုပ်နေတယ် လို့ လည်း တွမ်အင်ဒရူးစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ပဋိပက္ခ ဖြစ်နေတဲ့ လက်နက်ကိုင် ဘက်ပေါင်းစုံကိုလည်း အရပ်သားတွေကို မတိုက်ဖို့၊ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ဆက်ဆံပြီး ဆေးဝါးကုသမှု ပေးဆောင်ဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့သလို တခြားဒေသတွေမှာလည်း အတိုက်အခံအင်အားစုတွေဟာ စစ်ရေးအောင်ပွဲတွေ ရရှိခဲ့တယ်လို့ တွမ်အင်ဒရူးက ပြောပါတယ်။

 

ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဒုက္ခသည်စခန်းတွေကို တိုက်ခိုက်နေတဲ့ စစ်အစိုးရရဲ့ ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို မြေပြင်ကနေ ပစ်ကူပေးနိုင်ဖို့ အစီအမံတွေလုပ်ဖို့နဲ့ စစ်အစိုးရရဲ့ လေယာဉ်ဆီ သုံးစွဲခွင့်ကို ဖြတ်တောက်ဖို့က အဓိကကျနေတယ်လို့  ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

 

လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း သတိပေးပြောကြားထားပါတယ်။

 

မြန်မာနိုင်ငံမှာ ဆိုရင် စစ်တပ်ကြောင့် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေရဲ့ဒဏ်ကို အရပ်သားတွေ အပြင်းအထန် ခံစားနေရတယ်လို့လည်း ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ပြောကြားသွားတာပါ။

 

အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရတရပ်ပေါ်ပေါက်လာစေမယ့် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပို ကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တိုက်တွန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly