နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၆ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၆ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တွင် ဒေသခံပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် အတွက် ဆေးခန်း ၁ ခန်း ဖွင့်လှစ်ပေး ခဲ့ကြောင်း ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ကအသိပေးထုတ်ပြန်ထားသည်။ 

  • မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်ဖွဲ့၏ ဆေးတပ်သား သင်တန်း အပတ်စဥ်(၁) သင်တန်း ဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်ထားသည်။ 

  • ဖက်ဒရယ်ရေးရာကော်မတီက ဖက်ဒရယ်စနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံများနှင့် ပတ်သက်သည့် လေ့လာဆွေးနွေးမှုအစီအစဥ်များကို ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် ကျင်းပပြု လုပ်ပြီး ပြည်တွင်းကျွမ်းကျင်ပညာရှင် ဦးကျော်စွာက ဦးဆောင်ပြီး မျိုးနွယ်စုများ လူမျိုးစုများနှင့် ဘာသာစကားစုံလင်ကွဲပြားသည့်  နိုင်ဂျီးရီးယား ပြည်ထောင်စုစနစ်အကြောင်း လေ့လာဆွေးနွေး ပွဲပြုလုပ်ကြောင်း  သိရသည်။ 

  • လေကြောင်းရန်နှင့် မိုင်းအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းကို မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ၊ မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြိုနယ်ပညာရေးတာဝန်ခံ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ မြို့နယ်လူသားစာနာတာဝန်ခံတို့ပူးပေါင်းပြီး ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကိုရီးယားသံအမတ် သန့်စင်ကို Korea Consumer Global Council က ပေးလိုက်သည့် 2023 Best Ambassador Award ဆုကို ပြန်လည်သိမ်း ဆည်းလိုက်ကြောင်း အဆိုပါအဖွဲ့က ကြေညာလိုက်သည်။ 

  • စစ်ကောင်စီ လက်အောက်ခံ အဖြစ်ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေး နေသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကို အကြီးဆုံးသော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီးများ ကမ္ဘာ့ကွန်ရက် GANHRI - Global Alliance of National Human Rights Institutions က တစ်နှစ်ဆိုင်းငံ့ဖြင့် အသိအမှတ်ပြုမှုပယ်ဖျက်လိုက်ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် မြဝတီသို့ သွားလာနိုင်သည့် အာရှလမ်း လမ်းကြောင်းအားလုံးနီးပါး ရပ်ဆိုင်းနေသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ပျူစောထီးတဦး လက်နက်နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ( ၃) စစ်ကြောင်း တပ်ရင်း အမှတ် (၁၄)၊ (ချင်းတွင်းဒေသ)ထံ အလင်းဝင်လာကြောင်းသိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ထံမှသိရ သည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၇ နာရီမှစကာ စစ်ကြောင်းထိုးနေ၍ ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ‌နေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့်ကြာတိုက် ပွဲဖြစ်ပွားခဲ့သည်။ 

  • ပြည်တွင်းစက်သုံးဆီ(အောက်တိန်းဓာတ်ဆီ)စျေး စံချိန်တင်မြင့်တက်သွားပြီးနောက်၊ မန္တလေးမြို့က အရောင်း ဆိုင်တော်တော်များများတွင်၊ ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စက်သုံးဆီ၀ယ်ယူ ရောင်းချသူများထံက သိရသည်။ 

  • သီလဝါတွင် စက်သုံးဆီထုတ်မည့် ဘောက်ဆာယာဉ်များ တန်းစီနေရပြီး ရန်ကုန်ဆီဆိုင်များတွင် ရောင်းစရာစက်သုံးဆီမရှိ ဖြစ်နေသည်ဟု ရန်ကုန်မြို့ခံများက ‌ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ် ပလက်ဝ တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီး AA က အပြီးသတ် သိမ်း ပိုက်ရရှိပြီး နောက် စစ်ကောင်စီ၏ နှုးဘူးဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်နေကြောင်း AA က သတင်း ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော်၊ လောက်ကိုင်မြို့ကို စိုးမိုးနိုင်သည့် လေးမျက် နှာစေတီကုန််းတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း MNDAA က ပြော သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း နှစ်ခုကို ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်တွင် ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ တိုက်ပွဲများကြောင့် အရပ်သား သေဆုံးသူ ၂၇ ဦးရှိပြီး ထိခိုက်သူ ဦးရေ ၁၀၄ ဦးရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏လက်နက်ကြီးနှင့် အကြောင်းမဲ့ မီးရှို့မှုများ ကြောင့် မြို့မစျေးမှ ဆိုင်ခန်းပေါင်း ၃၇၉ ခန်းနှင့်အိမ်ခြေ ၁၃၀ ကျော်မီးလောင်ပျက်စီး ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလမှ ဒီဇင်ဘာလ အတွင်း ပြည်သူများကို ဦးတည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ၁၄၇ ဦး သေဆုံးကြောင်း၊ ဓာတုလက်နက်များအသုံးပြု၍လည်း ၉ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။ 

စစ်ကောင်စီ  

  • နိုင်ငံခြား​ငွေ​ကြေး​စျေးကွက် Online Trading စနစ်တွင် ငွေလဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေး အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် စစ်​ကောင်စီလက်​အောက်ခံ ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ မုန်းမြို့တွင် အခြေစိုက်သည့်စစ်ကောင်စီတပ်စခန်းများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များနှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်း အရုံးKNUက ကြေညာပြီးနောက်ရက်တွင် မုန်းမြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီဟု စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင် အထည်ဖော်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

  • မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် တို့ကို လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။ 

  • ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီတိုအကြား တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ၊ MICC II ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ဒီဇင်ဘာ ၆ သုံးသပ်ချက် 

  • စစ်ကောင်စီသည် အမေရိကန်ဒေါ်လာကို လက်ဝါးကြီးအုပ်ကာ ပြည်သူများစီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးကို အလွန်းအမင်းထိန်းချုပ်ကာ စစ်ရေးအတွက်အများဆုံးအသုံးပြုခဲ့သည့် နောက်ဆက်တွဲ အကျိုးဆက်ကြောင့်  လုပ်ငန်းရှင်များ ကိုင်ယ့်အစီအစဉ်ဖြင့် စက်သုံးဆီးသွင်းရန် ညွှန်ကြားရသည်အထိ ဖြစ်လာပြီး ယခုစက်သုံးဆီပြတ်လပ်မှုများဖြင့် ကြုံတွေ့လာခြင်းဖြစ်သည်။ယင်းအခြေအနေကို ကြည့်ပါက စစ်ကောင်စီထံတွင် နိုင်ငံခြားငွေမရှိသလောက်နည်းပါးနေသည်ဟု ဆိုရမည်ဖြစ်သည်။ 

  • တော်လှန်ရေးအရှိန်ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုများမှ နောက်ထပ်မြို့ ကြီးများကို သိမ်းလာနိုင်ဖွယ်ရှိပြီး စစ်ကောင်စီမှ စက်သုံးဆီးခက်ခဲနေချိန် လေယာဉ်ပစ်ကူပေးရန်ပင် ခက်ခဲလာဖွယ်ရှိသည့်အတွက် စစ်အာဏာရှင်များ၏ နောက်ဆုံးနေ့ရက်များ မကြာမီရောက်လာ တော့မည်ဟု ဆိုရမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly