ကောလင်းမြို့တွင် ဒေသခံလူငယ်များက အမှိုက်ကောက် ကိမ်ပိန်းပြုလုပ်

By ကိုခင်မောင် (မဇ္စျိမ)
06 December 2023
ကောလင်းမြို့တွင် ဒေသခံလူငယ်များက အမှိုက်ကောက် ကိမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ဒေသခံပရဟိတလူငယ်များက  မြို့တွင်းသာယာသန့်ရှင်းရေးအတွက် ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် အမှိုက်ကောက် ကိမ်ပိန်းပြုလုပ်ခဲ့ကြောင်း ပြည်သူမှပြည်သူသို့ အဖွဲ့ထံမှသိရသည်။

ပြည်သူများကိုယ်တိုင်ကပဲ  ကိုယ့်မြို့ကိုယ်ရွာ ကိုယ့်တိုင်းပြည်ကို တတ်နိုင်သည့်ဘက်မှ  လှပသာယာသန့်ရှင်းအောင်လုပ်နိုင်တယ်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကိမ်ပိန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။ 

" ဒေသခံလူငယ် ၃၀ယောက်ခန့်က မြို့သန့်ရှင်းရေးအမှိုက်ကောက်ခဲ့ကြပါတယ်။ ဒီမနက်မှာ ကောလင်းမြို့ပေါ်ဈေးအနီးဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြတာပါ။ နောက်နေ့တွေမှာလည်း အခွင့်အရေးရရင် ရသလို ပြုလုပ်သွားမှာပါ။" ဟု ပြည်သူမှ ပြည်သူသို့ အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့တွင် အလှူရှင်တဦးမှ လှူဒါန်းသော ထမင်းများကို ကောလင်းမြို့နယ်ရှိ​ စစ်ဘေးရှောင်ပြည်သူ ၄၅၇ဦး အတွက် ချက်ပြုတ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူမှပြည်သူသို့ အဖွဲ့ထံက သိရသည်။ 

ပြည်သူမှပြည်သူသို့ အဖွဲ့သည် ကောလင်းမြို့နယ်တွင်အခြေစိုက်ထားသော တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေပေးခြင်း၊ ကောလင်းမြို့နယ်သတင်းများအား သတင်းပြန့်နိုင်ရန် ထုတ်ပြန်ပေးခြင်း၊ စစ်ဘေးရှောင်ဒေသခံများအားကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် ထောက်ပို့အဖွဲ့အစည်း ဖြစ်သည်။

ရုပ်သံအညွှန်း။     ။ ကောလင်းမြို့တွင် ဒေသခံလူငယ်များမှ အမှိုက်ကောက်သည့် မြင်ကွင်း

ရုပ်သံ။ ။ ပြည်သူမှ ပြည်သူသို့အဖွဲ့

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပြည်သူမှပြည်သူသို့
#ကောလင်းမြို့နယ်
#အမှိုက်ကောက်ကိမ်ပိန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly