ဂွမြို့တွင် ၇ ရက်အတွင်း စက်သုံးဆီ ပြတ်တောက်သွားနိုင်ဟုဆို

By မင်းထက် (မဇ္ဈိမ)
06 December 2023
ဂွမြို့တွင် ၇ ရက်အတွင်း စက်သုံးဆီ ပြတ်တောက်သွားနိုင်ဟုဆို

ရခိုင်ပြည်နယ် ဂွမြို့တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဝယ်ယူ၍မရသည့် အခြေအနေများဖြစ်ပေါ်နေပြီး လာမည့်တပတ်အတွင်း စက်သုံးဆီ လုံးဝပြတ်တောက်သွားနိုင်သည်ဟု ဒေသခံများကပြောသည်။

"ဂွမှာ ဆီဆိုင်တဆိုင်ပဲ ဆီကိုအကန့်အသတ်နဲ့ ရောင်းပေးတော့တယ်။ ဆီလိုချင်ရင် မနက် ၅ နာရီလောက်တည်းက အဲ့ဒီဆိုင်မှာသွားတန်းစီရတယ်၊အဲ့ဒီဆိုင်လည်း ဆီပြတ်တော့မယ်။ ဒီနေ့တော့ အရပ်သားဆိုရင် 92 နှစ်ထောင်ဖိုး၊ ဝန်ထမ်းဆိုရင် အပြည့်ဖြည့်ပေးနေတယ်။ နောက်နေ့တွေ လုံးဝရောင်းမပေးတော့ဘူးလို့လည်း ကြားနေတယ်"ဟု ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်( AA )က စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ပြီးနောက် ဂွ-ငါးသိုင်းချောင်းလမ်းအပါအဝင် ရခိုင်ပြည်နယ်သို့ ဝင်ပေါက်များအားလုံးကို စစ်ကောင်စီကပိတ်ဆို့လိုက်သည့်အပြင် မြို့ချင်းဆက်လမ်းများကိုပါ ပိတ်ဆို့ထားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက လမ်းများအားလုံးကို ပိတ်ဆို့ခဲ့ပြီးနောက် ဂွမြို့ပေါ်ရှိ ဆီဆိုင် သုံးဆိုင်အနက် ရွှေရိုးမ နှင့် Denko ဆီဆိုင်တို့ ပိတ်သိမ်းထားခဲ့ပြီး Kyaw San ဆီဆိုင်တဆိုင်သာဖွင့်ထားခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

"ရွှေရိုးမဆီဆိုင်က လမ်းတွေပိတ်ပြီး ၁၀ ရက်လောက်အထိ ရောင်းတယ်။ Denko ကလည်း တရက် ၊ နှစ်ရက် လောက်ပဲဖွင့်ပြီး ပိတ်သွားတယ်။ Kyaw San ဆီဆိုင်ကတော့ ဒီမနက်အထိဆီရောင်းပေးတယ်။ ဒါပေမဲ့ လမ်းတွေပိတ်ပြီးကတည်းက ဆိုင်ကယ်ဆို ၃,၀၀၀ ဖိုး၊ ကားဆို၁၅,၀၀၀ ဖိုးဆိုပြီးအကန့်အသတ်နဲ့ရောင်းပေးတာမျိုးပေါ့။ ဒီတစ်ရက်၊ နှစ်ရက်မှာတော့ ဆိုင်ကယ် ၂,၀၀၀(ကျပ်)၊ကား ၁၀,၀၀၀(ကျပ်) ပဲထည့်ပေးတော့တယ်။ နောက်ရက်တွေမှာ ဝန်ထမ်းတွေကိုပဲ ထည့်ပေးတော့မယ်လို့လည်းသတင်းထွက်နေတယ်"ဟု ၎င်းကဆိုသည်။

စက်သုံးဆီအရောင်းဆိုင်များမှ ဆီထုတ်ရောင်းပေးနိုင်ခြင်းမရှိပါက ရေလုပ်ငန်းလုပ်ကိုင်သူများ၊ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်တက္ကစီ မောင်းသူများအပြင် ဒေသခံလက်လုပ် လက်စားအများအပြား ဒုက္ခရောက်နိုင်သည်ဟု ဒေသခံကဆိုသည်။

ယင်းပြင် မှောင်ခို(တရားမဝင်)စျေးကွက်မှ စက်သုံးဆီ ရောင်းချခြင်းများရှိလာနိုင်ပြီး စက်သုံးဆီစျေးနှုန်း အဆမ တန်မြင့်တက်သွားနိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

"ဂွကို Denko က ဆီဘောက်စာကားတွေ ဝင်ဝင်လာတယ်။ ဒါပေမဲ့ ဂွမှာမရပ်ဘူး။ သံတွဲဘက်ကို ဆက်မောင်းသွားကြတယ်။ ကြားတာတော့ သံတွဲက ရေအားလျှပ်စစ်အတွက် ဆီပို့နေတာလို့ကြားတယ်။ ဒီအတိုင်းဆိုရင် ဂွမှာ နောက်တပတ်အတွင်း ဆီလုံးဝပြတ်ပြီး စက်တပ်ယာဥ်တွေအားလုံး ရပ်ထားရမယ့်သဘောရှိတယ်"ဟု နောက်ထပ်ဒေသခံတဦးကပြောသည်။

လက်ရှိတွင် ဂွမြို့နယ်၌ 92 တလီတာလျှင် ကျပ် ၂,၅၀၀ ဝန်းကျင်၊ 95 တလီတာလျှင် ကျပ် ၂,၇၀၀ ဝန်းကျင်နှင့် ဒီဇယ်တလီတာလျှင် ကျပ် ၂,၃၀၀ ဝန်းကျင် စျေးပေါက်နေသည်ဟုသိရပြီး၊ မှောင်ခို(တရားမဝင်)စျေးကွက်တွင်မူ 92 တလီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်နှင့် ဒီဇယ်တလီတာလျှင် ကျပ် ၃,၃၀၀ ဝန်းကျင် စျေးပေါက်နေသည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ -ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်က ဂွမြို့ရှိ Kyaw San ဆီဆိုင်တွင် ဒေသခံများဆီဝယ်ယူရန် တန်းစီနေစဥ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly