KIA ဌာနချုပ်ကို ပစ်ခတ်သည့် လက်နက်ကြီးကျည် တရုတ်မြေပိုင်နက်ထဲ ကျရောက်

By အဂမ် (မဇ္ဈိမ)
06 December 2023
KIA ဌာနချုပ်ကို ပစ်ခတ်သည့် လက်နက်ကြီးကျည် တရုတ်မြေပိုင်နက်ထဲ ကျရောက်
ပုံအညွှန်း- လိုင်ဇာမြို့မြင်ကွင်းကို တွေ့ရစဉ် (photo-CJ)

အာဏာသိမ်း စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာကို ဦးတည်ပစ်လိုက်သည့် လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက် ပေါက်ကွဲသွားကြောင်း လိုင်ဇာသတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၆ ရက်နေ့၊ ယနေ့နံနက် ၁၀ နာရီကျော်လောက်မှာ လိုင်ဇာမြို့အနီးရှိ ဖွန်ပျန်ဘွမ်( Hpun pyen bum) မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KIA ဌာနချုပ် လိုင်ဇာမြို့ထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီတခေါက်လည်း တရုတ်ဘက်ခြမ်းကို ကျတာဟုတ်တယ်၊ ကားရေဆေးဆီလိုက်ဆိုင်နားမှာ ကျတာလို့ Wechat မှာ ပြောနေကြတယ်၊ လူထိခိုက်တာတော့ မရှိဘူးတဲ့” ဟု လိုင်ဇာမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်တပ်က ပစ်လိုက်သော လက်နက်ကြီးကျည် လေးလုံးသည် တရုတ်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တရုတ်နိုင်ငံသားတဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအပေါ် တရုတ်အာဏာပိုင်ဘက်က တုံ့ပြန်ချက်တစုံတရာ မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် KIA ဌာနချုပ် လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်မှုကြောင့် လသားအရွယ် ကလေးငယ်များ အပါအဝင် ၂၉ ဦး သေဆုံးခဲ့သည်။

ယင်းနောက် မြစ်ကြီးနား- ဗန်းမော် ကားလမ်းမပေါ်က စစ်ကောင်စီတပ်စခန်း သုံးခုကို KIA က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဖက်စစ်ရေးတင်မာပြီး KIA ဌာနချုပ် လိုင်ဇာကို ဦးတည်သော လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီတပ်က ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်

#မြစ်ကြီး
#လိုင်ဇာ
#တရုတ်လက်နက်ကြီးကျ
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly