တိုက်ပွဲများကြောင့် ကော့ကရိတ်- မြဝတီ ကားလမ်း အသုံးပြုမရဟုဆို

By YT(မဇ္ဈိမ)
06 December 2023
တိုက်ပွဲများကြောင့် ကော့ကရိတ်- မြဝတီ ကားလမ်း အသုံးပြုမရဟုဆို
ပုံအညွှန်း- ဒီဇင်ဘာလ ၁ ရက်နေ့ တိုက်ပွဲအတွင်း အာရှလမ်းပေါ်တွင် ကားများ ပိတ်မိနေပုံ (ဓါတ်ပုံ- CJ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် မြဝတီသို့ သွားလာနိုင်သည့် အာရှလမ်း လမ်းကြောင်းအားလုံးနီးပါး ရပ်ဆိုင်းနေသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။

" ကော့ကရိတ်ကနေ မြဝတီကို သွားတဲ့ ကားလမ်းတွေက ပိတ်ထားတယ်။ တချို့တလေကတော့ ထို့ကော်ကိုးကနေ အဆင်ပြေသလို သွားနေကြတယ်။ ကော့ကရိတ်ကနေ ကျုံဒိုး၊ သာမည၊ ဘားအံ၊ အိန္ဒုဘက်ကိုတော့ မပိတ်ဘူး၊ သွားလို့ရနေတယ်" ဟု ကော့ကရိတ်မြို့ပေါ်မှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်တဝိုက်ရှိ စစ်ကောင်စီစခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ကားလမ်းများတွင် အသွားအလာရပ်ဆိုင်းနေခြင်း ဖြစ်သည်။

" လမ်းတွေကဗျာ ဟိုဘက် (စစ်ကောင်စီ) ကလည်း ပိတ်၊ တောထဲကလူတွေကလည်း ပိတ်ပဲ။ ဒီနေ့ဆို ငါးတိုင်တို့ ကြာပန်းအဝိုင်းတို့ဘက်မှာ တိုက်ပွဲထပ်ဖြစ်တယ်၊ မြို့ထဲ ပေးမဝင်ကြဘူး။ မြို့ထဲက ကျန်နေတဲ့သူတွေကို သယ်ထုတ်ဖို့ကို အခက်အခဲတွေ ကြုံရတယ်ဗျာ" ဟု ဒေသခံက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့အထိ မြဝတီ- ကော့ကရိတ် အာရှလမ်း၊ တောင်ပေါ်လမ်းဟောင်းတို့တွင် ကားကြီး၊ ကားသေးအားလုံး အသွားအလာပိတ်ထားပြီး ထို့ကော်ကိုး- နဘူး တောလမ်းတွင်လည်း အချိန်မရွေး လမ်းကြောင်း ပိတ်နိုင်သဖြင့် အသွားအလာ ခက်ခဲနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။  

" ကျနော်တို့ ထို့ကော်ကိုး လမ်းပိုင်းကတော့ ဖွင့်လှစ်ပေးထားပါတယ်။ အပေါ်ရောက်မှ ပိတ်ထားတော့ လမ်းအခြေအနေပြောဖို့အတော်လေးခက်ခဲနေပါတယ်။ ကျနော်တို့ အပိုင်ဂွင်ထဲက မည်သည့်ကားမဆို အသုံးပြုခွင့်ပြုပါတယ်" ဟု KNU/ KNLA PC တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်အပြင် အဆိုပါ လမ်းများကိုပါ အသွားအလာ ကန့်သတ်ထားသဖြင့် ကော့ကရိတ်မြို့အတွင်း ပိတ်မိနေသူများ၊ မြဝတီဘက်မှ ကော့ကရိတ်၊ ဘားအံ ဘက်သို့ သွားလာလိုသူများ၊ ကုန်သွယ်ရေးပြုလုပ်လိုသူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း သိရသည်။

" အခု ကုန်တွေကို ကားအသေးတွေနဲ့ ရသလောက် ထို့ကော်ကိုးဘက်ကနေ ကဲ့သယ်နေရတယ်။ ကားကြီးတွေကတော့ ဘယ်လမ်းကမှ သွားလို့မရဘူး။ ခက်ခဲတာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ခက်ခဲတာက ဒေသခံတွေကို မမှီဘူးလေ" ဟု ကုန်သည်တဦးက မဇ္ဈိမကိုပြောသည်။

ကော့ကရိတ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ယနေ့ ၆ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူ သောင်းနှင့်ချီ ရန်ကုန်၊ ဘားအံ၊ အိန္ဒုဘက်တို့တွင် တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly