စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်

By ဂျူချန်း(မဇ္ဈိမ)
06 December 2023
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ် တပ်စခန်း ၂ ခု TNLA ထပ်မံ သိမ်းပိုက်
ပုံအညွှန်း-မိုင်းလုံနှင့် မိုင်းဝီတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များ (PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်တပ်စခန်း နှစ်ခုကို ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA )မှ ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“သုံ့ပန်းအနေနဲ့ ဖမ်းမိတာတော့ မရှိဘူး။ မိုင်းလုံဘက်စခန်းမှာတော့ သေဆုံးအလောင်းတွေ ကောက်ရတာတော့ ရှိတယ်။ အသေးစိတ်တော့ မသိရဘူး။ စခန်းကို ရှင်းတဲ့အချိန် အလောင်းတွေ တွေ့ရပေမယ့် ရာထူးတပ်ဆင်ထားတာမရှိတော့ ဘာရာထူးလဲ မသိရဘူး” ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ တားအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့  ဒီဇင်ဘာ ၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တားအိုက်ကျော်က ပြောသည်။

အလားတူ နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီ တပ်စခန်းကိုလည်း ဒီဇင်ဘာ ၅ ရက် ညသန်းခေါင်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်သည်။

 စစ်ကောင်စီ၏ မိုင်းဝီတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

မိုင်းလုံတပ်စခန်းတွင် အလယ်ပိုင်းတိုင်းလက်အောက်ခံ ခလရ(၈၈) မှ အထိုင်ချတပ်စွဲထားပြီး မိုင်းဝီတပ်စခန်းတွင် နည်းဗျူဟာ စကခ(၁၆) မှ အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းလုံတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းရှင်းလင်းချိန်တွင် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို တွေ့ရပြီး မိုင်းဝီတပ်စခန်းတွင်မှု သေဆုံးစစ်သားအလောင်းများကို မတွေ့ရသော်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တားအိုက်ကျော်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် နမ့်ခမ်းမြို့ စခန်းသစ်ကုန်းအနီးဝန်းကျင်နှင့် သီပေါမြို့တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းကြီးငယ် ၅၃ ခုကို TNLA မှ သိမ်းပိုက်ထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly