စစ်တပ် အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း အမျိုးသမီး ၆၀၀ ကျော် အသတ်ခံထားရ

By မဇ္ဈိမ 
06 December 2023
စစ်တပ် အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း အမျိုးသမီး ၆၀၀ ကျော် အသတ်ခံထားရ

စစ်တပ် အာဏာ သိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့အထိ အမျိုးသမီး ၆၆၄ ဦး သေဆုံးပြီး၊ ၂၄၄၁ ဦး ဖမ်းဆီးခံထားရကြောင်း၊ပြီးခဲ့တဲ့ အောက်တိုဘာလထိ သေဆုံးသူ အမျိုးသမီး ၆၂၈ ဦးသာ ရှိခဲ့တာကြောင့် နိုဝင်ဘာလ အတွင်း အမျိုးသမီး ၃၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှု၊ ပစ်သတ်ခံရမှု၊ ရိုက်နှက်မှု၊ အရှင်လတ်လတ် မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မကျင့် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတာလို့ ဆိုထားပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အမျိုးသမီးတွေအပေါ်  တစ်နေ့တခြား ပိုပြီး ရက်စက်ကြမ်းကြုတ်စွာ ဦးတည်တိုက်ခိုက် လာမှုတွေကို စနစ်တကျ မှတ်တမ်းပြုစုနေတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU)က ဆိုပါတယ်။

ယခု အချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ အချက်အလက်တွေကို အဓိကမှီငြမ်း ကိုးကားထားတာဖြစ်တဲ့အပြင် ခိုင်လုံသော သတင်းမီဒီယာတွေက ထုတ်ဖော်ရေးသားတဲ့  သတင်းအချက်အလက်များအပေါ် အခြေခံကာ မြန်မာ့အမျိုးသမီးသမဂ္ဂ မှ ပြန်လည် စုစည်းတင်ပြထားခြင်းဖြစ်ပါတယ်။

လက်တွေ့မြေပြင် သတင်းအချက်အလက် စီးဆင်းမှုမှာ စိန်ခေါ်မှုတွေရှိနေပြီး လက်လှမ်းမီရန် အခက်အခဲများ ရှိနေတာကြောင့် ကိန်းဂဏန်းတွေဟာ ယခုထက်ပိုပြီး များပြားနိုင်တယ်လို့လည်းဆိုထားပါတယ်။

လက်နက်ကိုင် တော်လှန်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှု အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ကျေးလက်နေ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့  ပစ်မှတ်ထား အဓမ္မကျင့် သတ်ဖြတ်တာကို ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများရှိနေခဲ့ပြီး ရပ်ရွာအတွင်းဘေးကင်းလုံခြုံမှုမရှိဘဲ နေအိမ်အပြင်သို့ အမျိုးသမီးများ သွားလာလှုပ်ရှားမှုများအပေါ်တွင် အကျိုးသက်ရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံးရဲ့ (၇ဝ)ရာခိုင်နှုန်းခန့်ဟာ နေထိုင်ရာမြို့နယ်တွေမှာ ညအချိန်တစ်ဦးတည်း လမ်းလျှောက်ရာမှာ ဘေးကင်းလုံခြုံမှုမရှိခြင်းကို ခံစားနေရကြောင်း Myanmar Information Management Unit  (MIMU) ရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ အသက်(၁၅)နှစ် နဲ့ (၁၉)နှစ်အရွယ်ကြားရှိ အမျိုးသမီးတွေရဲ့ (၈)ရာခိုင်နှုန်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့  ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရကြောင်း MIMU အဖွဲ့က ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုများ မြင့်တက်လာခဲ့ပြီး ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော်ရှိရာ ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ မိန်းကလေးများ ဖြစ်ပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေး အပါအဝင် အရပ်သား ၃ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ဒီဇင်ဘာလ ၄ ရက် နေ့က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly