စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က အောင်ဇေယျတပ်ကုန်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးသုံးဦးသေဆုံးကာ အပြင်းအထန်ဒဏ်ရာရရှိသူတဦးလည်း ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
“အောင်ဇေယျတပ်ကုန်း(အကျိုးအကန်းကုန်း)မှာရှိတဲ့ စစ်သားတွေက ၈၀ မမ လက်နက်ကြီးနဲ့ နှစ်ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်ပစ်ခတ်တဲ့ လက်နက်ကျည်ကြီးက သံဘိုရွာထဲက လူနေ အိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးသုံးဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့တာပါ” ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သံဘိုကျေးရွာနေ မဆန်းမာ(၄၂)၊ မမာကြူ(၄၅) နှင့် မတင်တင်ဝင်း(၂၃)တို့ ထိမှန်သေဆုံးခဲ့ပြီး ယမန်နေ့ညနေပိုင်းက ချက်ခြင်း မီးသင်္ဂြိုလ်ခဲ့ရကြောင်း ဒေသခံများကပြောသည်။
“အောင်ဇေယျတပ်ကုန်းပေါ်ကစစ်သားတွေ ညစဉ်လိုလို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ။ ညတိုင်းလိုလို တပ်ကုန်းရဲ့ အနောက်ခြမ်းနဲ့ တောင်ခြမ်းကို လေးကြိမ်ထက်မနည်း ရမ်းသန်းပစ်ခတ်နေ တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။
ယင်းမာပင်မြို့နယ်တွင် အောင်ဇေယျတပ်ကုန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက် သေဆုံးမှု နှစ်ကြိမ်ရှိခဲ့ပြီး ပထမအကြိမ်ဖြစ်စဉ်တွင် ပေကုန်းကျေးရွာမှ ကလေးငယ်တဦးသေဆုံးခဲ့ပြီး နှစ် ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။စောဖေ