ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရ

By လွှမ်းမိုး(မဇ္ဈိမ)
06 December 2023
ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၇ နာရီမှစကာ စစ်ကြောင်းထိုးနေ၍ ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ပုလဲမြို့ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်စီဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများကလည်းပြောသည်။

“စစ်ကြောင်းက နှစ်ကြောင်းခွဲထွက်တာဆိုတော့ တောင်ပြေးရမလို မြောက်ပြေးရမလို ဖြစ်နေတယ်။ တွေ့ ရင်အသတ်ခံရဖို့များတော့ ဝေးနိုင်သမျှဝေးအောင် ရှောင်နေကြရတယ်” ဟု လုံခြုံရေးအရ အမည်မဖော် လိုသော စစ်ရှောင်တဦးကဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်အနောက်ခြမ်းရှိ မန်ကျီးခွ၊ မြကုန်း၊ ကံပေါက်၊ ကံကြီး၊ ညောင်ကုန်း၊ လိပ်ကုန်း၊ ဗိုလ်ကုန်း၊ ညောင်ကန်၊ ကြိုးကြာဥကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ် စွန့်ခွာစစ်ရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မြကုန်းကျေးရွာ မှ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးကာ အရပ်သားတဦးကိုသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

- ပုလဲစစ်ရှောင်ပြည်သူများအားတွေ့ရစဉ်၊ video- ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly