ကနေဒီတောင်တွင် စစ်ကောင်စီတပ်ဖွက်ထားသည့် လက်နက်ခဲယမ်းများ   PDF Zoland က သိမ်းဆည်းရရှိ 

By ကိုခင်မောင် (မဇ္ဈိမ)
05 December 2023
ကနေဒီတောင်တွင် စစ်ကောင်စီတပ်ဖွက်ထားသည့် လက်နက်ခဲယမ်းများ   PDF Zoland က သိမ်းဆည်းရရှိ 

ချင်းပြည်နယ်၊  တီးတန်မြို့နယ်၊ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းအနီး၌ စစ်ကောင်စီတပ်သားများ ဖွက်ထားသော လက်နက်ခဲယမ်းများအား  နိုဝင်ဘာလ ၃ရက်နေ့တွင် တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း PDF- Zoland ထံမှ သိရသည်။

ကလေး - တီးတိန် ကားလမ်းဘေးတွင်တည်ရှိသော ကနေဒီတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၂၁ရက်တွင် PDF- Zoland မှ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုနေရာတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်စဥ် အဆိုပါလက်နက်ခဲယမ်းများကို တွေ့ရှိခြင်းဖြစ်သည်။

“ ကနေဒီတောင် စစ်တပ်စခန်းအနီးပတ်ဝန်းကျင်ကို ရှင်းလင်းရေးလုပ်နေချိန်မှာ စကစတပ်သားတွေဖွက်ထားတဲ့ လက်နက်တွေ တွေ့ပါတယ်။ ၆၀မမ ကျည်ဖူး ၈၀ကျော်၊ ၅.၅၆ကျည်တောင့် ၄,၀၀၀ကျော် ရရှိခဲ့တာပါဗျ” ဟု PDF- Zoland မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ကနေဒီတောင်အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ထောင်ထားသော မြေမြုပ်မိုင်းအမြောက်အမြားရှိနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ကနေဒီတောင်အနီးသို့ သွားလာခြင်းမပြုရန်လည်း PDF- Zoland တာဝန်ရှိသူမှ ဆက်လက်ပြောသည်။

“ကနေဒီတောင်မှာ စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို ကျွန်တော်တို့ အဝေးကနေ ဖောက်ခွဲဖို့လုပ်ပေမယ့် တချို့မပေါက်ကွဲတဲ့ မိုင်းတွေလည်းရှိတယ်။ မြေမြုပ်မိုင်းက အားလုံးပေါင်း ၈၀ကျော်ခန့်ရှိပါသေးတယ်။ စစ်သုံ့ပန်းတွေကလည်း သူတို့ မိုင်းထောင်ထားတဲ့နေရာတွေကို အကုန်လုံးမမှတ်မိတော့ဘူး။ ပြည်သူတွေအနေနဲ့ အဲ့တောင်ကို အခုချိန်မသွားတာဘဲ ကောင်းပါတယ်။” ဟု PDF- Zoland တာဝန်ရှိသူက ဆိုသည်။

ကနေဒီတောင် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ဗိုလ်မှူးအပါအဝင် ၁၂ဦးကို PDF- Zolandမှ အရှင်ဖမ်းမိထားပြီး Jammer အပါအဝင် လက်နက်မျိုးစုံ ၂၄လက်၊ ၆၀မမ တလက်နှင့် ကျည်ဆန်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

ဆက်လက်၍ ကလေး- တီးတိန် လမ်းမကြီးအား ပိတ်ထားသည်မှာ တပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါလမ်းမကြီး ပြန်လည်အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်သောကြောင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyinမှ ယနေ့ ဒီဇင်ဘာလ ၅ရက်တွင် အသိပေးမေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ရုပ်သံအညွှန်း - ကနေဒီတောင် စစ်ကောင်စီ တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်များ ဖွက်ထားသော လက်နက်များ သိမ်းဆည်းစဥ် /ရုပ်သံ - PDF Zoland

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly