၁၀ ၂၇ စစ်ဆင်ရေးအတွင်း အရပ်သား ၃ဝဝ ကျော်သတ်ဖြတ်ခံရပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူများပြားလာနေ

By Spring
05 December 2023
၁၀ ၂၇ စစ်ဆင်ရေးအတွင်း အရပ်သား ၃ဝဝ ကျော်သတ်ဖြတ်ခံရပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူများပြားလာနေ

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အရပ်သားတွေသေဆုံးရတဲ့ထဲမှာ ရှမ်းပြည်နယ်က အများဆုံး ၉၈ ဦးထိရှိပြီး၊ စစ်ကိုင်းတိုင်းက ၆၇ ဦး၊ ရခိုင်နယ်က ၅၈ ဦး၊ ကရင်နီပြည်က ၂၇ ဦး၊ချင်းပြည်နယ်က ၂၆ ဦး ဖြစ်ပါတယ်။

အဲဒီထဲမှာ ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်အကြိမ်ပေါင်း ၁၁ ကြိမ်ထိရှိခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ အသက်မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားအရေအတွက်ကတော့ ၄ဝဝ ကျော်ထိရှိခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တိုက်ပွဲတွေစဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ တစ်လကျော်ကာလအတွင်း အရပ်သား ထိခိုက်သေဆုံးတာတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။

ဒီစာရင်းတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံး ရတဲ့ အရပ်သား ၁၅၀ နီးပါးအထိ ရှိလာပြီလို့ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေ ရှိရာနေရာကို နေ့ ညမရွေး ပစ်ခတ်နေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ သေဆုံးသူ ငါးဆယ်ကျော်၊ တအာင်းဒေသမှာ ခြောက်ဆယ်ကျော်နဲ့ ရခိုင်ပြည်နယ်မှာ သုံးဆယ်ကျော် ရှိလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းပြီးကတည်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုနေတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန်မှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း နှစ်ရာကျော်ကို သိမ်းပိုက်ထား နိုင်တယ်လို့ MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း အရပ်သား သေဆုံးသူ ၄၂၁၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက် ပဋိပက္ခတွေ ပြင်းထန်လာပြီးကတည်းက တိုက်ပွဲနဲ့ ဆက်စပ်ဖြစ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၈၃ ယောက် သေဆုံးခဲ့ရပြီး ၃၃၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly