လက်နက်ကိုင်အဖွဲ့များ ဆက်မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ပြောဆို

By Spring
05 December 2023
လက်နက်ကိုင်အဖွဲ့များ ဆက်မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ပြောဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များအနေနဲ့ ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံ ရေးအရ ဖြေရှင်းကြရန် ဖိတ်ခေါ်လာပြီး စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ အထိခိုက်ခံမှာ မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

နေပြည်တော်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

နှစ်ကုန်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ချတာတွေများလာပြီး၊ စစ်တပ်ပြိုကွဲတော့မယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လေ့လာသူတွေက ပြောနေချိန်မှာပဲ စစ်ခေါင်းဆောင်ဘက်ကလည်း အခုလို ပြောဆိုသံထွက်လာတာပါ။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်ပြီး မိုက်တွင်း နက်နေမယ်ဆိုရင် မိုက်တွင်းနက်တဲ့ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့်မြေစာပင် ဖြစ်နေတဲ့ ပြည်သူကို ကိုယ်ချင်းစာရန်နဲ့ ဆက်လက်ပြီး မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။

နိုင်ငံရေးအရဘယ်လိုဖြေရှင်းမလဲဆိုတာကို စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ စစ်တပ်အနေနဲ့ "ဒို့တာဝန်အရေးသုံးပါး" နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ လက်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိ ပြည်နယ်/တိုင်းတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ လက်နက်ကိုင်အဖွဲ့တွေကြောင့် ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က အပြစ်တင်ပြီး ရခိုင်ပြည်နယ် မတည်ငြိမ်မှုမှာ AA ကြောင့် ဖြစ်ကြောင်း၊ ကယား ပြည်နယ်မှာလည်း လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း အပြစ်တင် ပြောဆိုထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်ထောင်စုကြီး လုံးဝပြိုကွဲမှာမဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်တာကြောင့် လုံး၀ အထိခိုက်ခံမှာမဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်များကို သက်ဆိုင်ရာဒေသနဲ့ ဒေသခံများကသာ ခံစားရမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အဲဒီနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် တရုတ်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေမှာ ပြည်ပဒရုန်းပညာရှင်တွေ ပါဝင်နေတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပြီး ဘယ်နိုင်ငံက ပညာရှင်တွေဆိုတာကိုတော့ မပြောပါဘူး။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly