စစ်ကောင်စီပါဝင်တဲ့ အာဆီယံရဲ့မြန်မာ့အရေး ဆွေးနွေးပွဲအစီအစဉ်ကို အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်

By Spring
05 December 2023
စစ်ကောင်စီပါဝင်တဲ့ အာဆီယံရဲ့မြန်မာ့အရေး ဆွေးနွေးပွဲအစီအစဉ်ကို အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်

အာဆီယံရဲ့ မြန်မာ့အရေး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကိုရပ်ဆိုင်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ “အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ” လုပ်ဖို့ ဆော်သြနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အာဏာရှင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုတွေကို ထိခိုက် ပျက်ပြားအောင် လုပ်နေတာဖြစ်လို့ ဒီလို လုပ်ဆောင်နေတာတွေကို ရပ်ဖို့ ပြည်တွင်းပြည်ပက မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကပူးပေါင်းကာ အာဆီယံကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပူးတွဲကြေညာချက်ကို ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာကနေတစ်ဆင့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

တရားမဝင် စစ်ကောင်စီနဲ့ စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်တို့ ကျူးလွန်တဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို မြန်မာပြည်သူတွေက လိုလားနေကြတာ ဖြစ်ပြီး အာဆီယံအနေနဲ့ ဒီလို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကိုသာ ခိုင်ခိုင်မာမာ ဆောင်ရွက်သင့်တဲ့ အကြောင်း မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ၆၀၁ ဖွဲ့က လက်မှတ်ရေးထိုးပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုရှိလာ စေရေး ဆောင်ရွက်ဖို့ အာဆီယံအနေနဲ့ ပျက်ကွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းစွပ်စွဲ ထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ လက်ချက်နဲ့ လူ ၄၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၂ သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရသလို၊ အိုးအိမ်နဲ့ အဆောက်အအုံပေါင်း ၇၆,၀၀၀ ကျော် ချိတ်ပိတ်ခံရတယ်လို့ ထောက်ပြပြီး အာဆီယံဟာ ဒီလို အခြေအနေတွေကိုတော့ လစ်လျူရှုပြီး ဖိနှိပ်မှု ခံစားနေရသူတွေကို စစ်ကောင်စီနဲ့ စေ့စပ်ညှိနှိုင်းဖို့ပဲ ဆက်လက် တိုက်တွန်းနေတယ် ဆိုပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို အဖွဲ့ ၆၀၀ ကျော်ရဲ့ကြေညာချက်မှာ ဝေဖန် ထောက်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို မဖြေရှင်းနိုင်သေးခင် အင်ဒိုနီးရှားကပြုလုပ်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် မထောက်ခံကြဖို့ အာဆီယံအသိုင်းအဝိုင်းနဲ့ အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတွေအပြင် ကုလသမဂ္ဂကိုပါ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံကဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ရုံးက နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေ၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီ ဘက်က ကြားခံကိုယ်စားလှယ် တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိကြောင်း ဒီရက်ပိုင်းမှာလည်း ထပ်မံပြောဆိုထားပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly