စစ်ပွဲဒဏ်သင့် မြန်မာနိုင်ငံမှ နိုင်ငံသား ၃၃၈ ဦးကို ဗီယက်နမ် ကယ်ထုတ် 

By VN Express
05 December 2023
စစ်ပွဲဒဏ်သင့် မြန်မာနိုင်ငံမှ နိုင်ငံသား ၃၃၈ ဦးကို ဗီယက်နမ် ကယ်ထုတ် 

မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ဖြစ်ရာ ဇုန်များ၌ ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦးကို ဘေးကင်းစွာဖြင့် နေရပ်သို့ တနင်္လာနေ့တွင် ခေါ်ယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

၎င်းတို့သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဇုန်များမှ ကယ်ထုတ်ရေးနှင့် နေရပ်ပြန်လည် ခေါ်ယူသွားရမည့် 

ဗီယက်နမ်နိုင်ငံသား ၈၀၀ ကျော်တွင် ပါဝင်သူများဖြစ်ကြသည်။ 

အစိုးရက ၎င်းတို့အား နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ခေါ်ယူသည့် ကုန်ကျစရိတ် အဝဝကို တာဝန်ယူထားသည်။ 

၎င်းတို့အနက် တော်တော်များများသည် မြန်မာမြောက်ပိုင်းမှ တရားမဝင် ကာစီနိုများ၌ ဆန္ဒမပါဘဲ လိမ်လည်လှည့်ဖျားကာ အလုပ်စေခိုင်းခံရသူများ ဖြစ်သည်။ နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာရာ အခြေအနေက ရှုပ်ထွေးလာပြီး ကာစီနိုပိုင်ရှင်များက ထိုသို့သော အလုပ်သမားများကို စွန့်ထားရစ်ခဲ့ကြခြင်း ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံသားများ ဘေးကင်းရေးနှင့် နေရေးထိုင်ရေး အဆင်ပြေစေရေးအပြင် တရုတ်နယ်စပ် မြန်မာမြောက်ပိုင်း ပဋိပက္ခဇုန်များမှ လွတ်မြောက်ရေး အခွင့်အလမ်းများ ကျိန်းသေစေရန် ဌာနေအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာရှိ ဗီယက်နမ်သံရုံးကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လ၌ စေခိုင်းခဲ့ခြင်း ဖြစ်သည်။ 

အထောက်အထားမဲ့ ဘေးမကင်းသော အလုပ်အကိုင်များအတွက် အခြားသော နိုင်ငံများသို့ လူမှောင်ခိုကူးသူများ၏ လက်တွင်း မသက်ဆင်းမိစေရန်အတွက်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။ 

မြန်မာစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့်နောက် ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့နှင့် စစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားကာ စစ်အာဏာပိုင်များကို တော်လှန်တိုက်ခိုက်မှုများ အနှံ့အပြား ပေါ်ပေါက်သည်။ 

တိုက်ပွဲများသည် သီတင်းငါးပတ်တိုင်လာပြီး နိုင်ငံ၏ အနောက်ပိုင်းနှင့် အရှေ့ပိုင်းဧရိယာများသို့ပါ ပြန့်နှံ့သည်။ 

ပဋိပက္ခတိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၂၈၆,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းရကြောင်း ကုလသမဂ္ဂ၏ နိုဝင်ဘာ စာရင်းဇယားအရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly