နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီး ဌာနက တက်ရောက်ပြီးတော့ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရ သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို Public Financial Management Training ပို့ချမှုကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG အစိုးရ အနေနှင့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရန်  ပြင်ဆင်နေသည်ဟု Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ခြင်း မရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် တုံ့ပြန်လိုက်သည်။ 

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိန်းချုပ်ထားနိုင်ပြီး ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။ 

  • မြို့နယ်အတွင်းမှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်နှစ်ကြိမ်ထုတ်ပြန်ခဲ့ရာ ၈၅ ဦး အလင်းဝင်ရောက်လာသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်‌နေ့၌ စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်များနှင့် စပါးခင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံထံက သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။  

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား သွားရောက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးနိုင်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း- MSPDF အဖွဲ့က သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ဝက်လက်ဒေသရှိ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားရဲဘော်များနှင့် ဒေသ ပြည်သူ လူထု တို့က ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ကြသည်။ 

  • မကွေးတိုင်း၊ ဆောမြို့နယ်၊ဆောမြို့ရဲစခန်းမှ တပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးသည် မိသားစုနှင့်အတူ လက်နက်ဖြင့် အလင်းဝင်ရောက်လာကြောင်း အမှတ်(၃)တပ်ရင်း၊ ဂန့်ဂေါခရိုင်ကသတင်းထုတ် ပြန်ထားသည်။ 

  • ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဒေးပေါက်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများအား ပြင်းအားမြင့်ဗုံးသီးများဖြင့် ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ကြောင်း PDF ခရမ်းခေါင်းဆောင် ကိုမီးပွားက ပြောသည်။ 

  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် မသန်စွမ်း အမျိုးသမီး ၁ ဦးကို ဖမ်းဆီး၍ မုဒိမ်းပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဥ် ၁ ဦး ဖမ်းဆီးရမိပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပညာရေး နှင့် ကျမ်းမာရေး စောင့်ရှောက်မှု အသင်းကြီး (EHM ) မှ ကြီးမှူး၍ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဦးဆောင်သည့် Freedom Tattoo ကမ်ပိန်းကို ကွာလာလမ်ပူမြို့ EHM ရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့သည်။ 

  • မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး မိသားစုနှင့် အတူ G-3 သေနတ်ပါ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း က ထုတ်ပြန် ထားသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် ရွှေစေတီငွေစေတီကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့စျေးအတွင်းတွင် CDM ဆရာ ၊ဆရာမများ၊ဘုရားသုံးဆူအမျိုးသမီးများ၊ဘုရားသုံးဆူ လူငယ်အဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာလှုပ် ရှားမှုအဖြစ် ပြည်သူများကို အသိပညာပေး ဟောပြောခြင်း ၊ပညာပေးစာရွက်များဖြန့်ဝေခြင်းနှင့် ဖဲကြိုးဖြူလှုပ်ရှားမှုများပြုလုပ်ကြသည်။ 

  • အမေရိကန်နိုင်ငံ နယူးယောက်မြို့ ပီတိ လူကြီးမိဘများ နားခိုရာ ခန်းမ Pitti Adult Daycare Center တွင် ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း ခေါ် Kim ဦးစီးသော နိုင်ငံတကာ GLOBAL FREEDOM TATTOO CAMPAIGN ကို Helping Hands for Burma (H2B) အဖွဲ့က ဦးစီး၍ ကျင်းပ ပြုလုပ်ခဲ့ပြီး ယာယီတက်တူးများကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ နေရာအချို့တွင် ကိုယ်ပိုင်ကြိုးမဲ့ကွန်ရက်ဖြင့် အင်တာ နက် စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်ရှိ နည်းပညာ အထောက်ကူဌာန ZNETထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်က ဝေဟင်မှ ဓာတုဓာတ်ငွေ့ပါသောဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ကျေးရွာ သုံးရွာအား စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သားသေဆုံးထိခိုက်မှု များရှိကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ 

  • "ဝ"ဒေသအတွင်းသို့ ဝင်ရောက်လာကြသည့် စစ်ဘေးရှောင်ပြည်သူများအနေနှင့် နီးစပ်ရာရဲစခန်း များ၌  ယာယီနေထိုင်ခွင့်လက်မှတ် ပြုလုပ်ကြရန် UWSA က ထုတ်ပြန်ကြေညာသည်။ 

စစ်ကောင်စီ  

  • နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိုင်းရ သည်အထိ အင်အားမရှိတော့၍ စစ်ပြေးနှင့် ခွင့်မဲ့ ပျက် ကွက် သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး မည်ဟုဆိုကာ စစ်တပ်ထဲ ပြန်ခေါ်နေကြောင်း သိရှိရသည်။ 

  • စက်သုံးဆီနှင့် ပတ်သက်ပြီး သတ်မှတ်ဈေးနှုန်းထက် မတန်တဆ အမြတ်ယူရောင်းချခဲ့သည့် ကုမ္ပဏီ ၈ ခုနှင့် သာမန်အားဖြင့် ထိုက်သင့်သည့်နှုန်းများထက် အမြတ်တင်ပြီး ရောင်းချခဲ့သည့် ကုမ္ပဏီများကိုလည်း စည်းမျဉ်းဥပဒေနှင့်အညီ အရေးယူခြင်းများ ပြုလုပ်နေကြောင်း စစ်ကောင်စီ က ထုတ်ပြန်သည်။ 

  • စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ပြီး စစ်တပ်မှ ခွင့်မဲ့ ပျက်ကွက်နေသူများ၊ စစ်ပြေး ဖြစ်နေသော စစ်သားများအနေဖြင့် စစ်တပ်ထဲ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာ (သို့မဟုတ်) နီးစပ်ရာ တပ်များတွင် ပြန်လည် လက်ခံပေးမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမန်ပြစ်မှု ကျူး လွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး သွား မည်ဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ 

  • အိမ်သုံးမီတာတပ်ဆင်ခများကို အရင်က ကျပ်တစ်သိန်းနှစ်သောင်းသာ ကောက်ခံ ခဲ့ရာမှာ အခု ဒီဇင်ဘာ ၁ ရက် ကစပြီး ကျပ်နှစ်သိန်းခွဲအထိ ပြင်ဆင်တိုးမြှင့်ကောက်ခံနေတာကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။ 

ဒီဇင်ဘာ ၃ သုံးသပ်ချက် 

  • စစ်ကောင်စီတပ်သားများ တိုက်ပွဲများတွင် လက်နက်ချအလင်းဝင်သကဲ့ စစ်ကောင်စီ လက်အောက်ခံ NON CDM ဝန်ထမ်းအများအပြားသည်လည်း အလင်းဝင်လာသည်ကိုတွေ့ရသည့်အတွက် စစ်ကောင်စီသည် တပ်ပျက်ရုံသာမက အုပ်ချုပ်ရေးပါစတင်ပျက်ဆီးလာသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီသည် တပ်သားများအသေအပျောက်နှင့် ထွက်ပြေးအလင်းဝင်ရောက်မှုများနေပြီး တပ်အင်အားလျော့နည်းလာသည့်အတွက် တပ်ပြေးခွင့်မဲ့များအား လွတ်ငြိမ်းခွင့်ပေးမည်ဟုဆိုကာ ပြန်ခေါ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly