အမ်းတွင်  စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ  

By ဓါတု (မဇ္ဈိမ)
04 December 2023
အမ်းတွင်  စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ  

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်  စစ်ကောင်စီ၏လက်နက်ကြီးကြောင့်  အရပ်သား ၂ ဦးသေဆုံးပြီး  ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း အမ်းမြို့ခံများထံက သိရသည်။

သဲကမ်းထောင်းကျေးရွာမှ ဒေသခံ တဦး နှင့် အလယ်ကျွန်းရွာမှ ဒေသခံ တဦး စုစုပေါင်း နှစ်ဦးသေဆုံးပြီး   ဒလက်ချောင်း အလယ်ကျွန်းရွာ နှင့် အနီးရှိရွာများတွင် လက်နက်ကြီးကြောင့် ထိခိုက်သူ ဦးရေ ၁၀ ဦးကျော်ရှိကြောင်း ဒေသခံများထံက သိရသည်။   ထို ထိခိုက်၊ သေဆုံးသူ စာရင်းမှာ ဒေသခံများ လက်လှမ်းမီသလောက် ကောက်ယူစုဆောင်းထားသည့် စာရင်းဖြစ်ပြီး လက်တွေ့တွင် ထို့ထက် ဦးရေ ပို‌များနိုင်‌ေကြာင်း  သိရသည်။ 

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများကို  စစ်ကောင်စီက လက်နက်ကြီးဖြင့်  နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာလ ၂ရက်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များ ရှိသည်အထင်ဖြင့် ထိုသို့ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ တဦးကပြောသည်။ 

"နေ့ရော ညရောပစ်ခတ်နေတာ ။ AA တွေရှိနိုင်တယ်ထင်ပြီးပစ်ပေမယ့်အမှန် အဲ့ဒီရွာကအရပ်သားတွေပါပဲ။ ဒလက်ချောင်းဘက်က လက်နက်ကြီးကျတဲ့ ရွာလေးတွေပေါင်းပြီး ချောင်းထဲ၊ တောထဲပြေးနေရတာ။ အခုဆိုအဲ့ဒီဘက်ကလိုင်းပြတ်သွားလို့ ကျွန်တော်တို့ဘက်ကဆက်သွယ်လို့မရတော့ပါဘူး "ဟု ၎င်းကပြောသည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၄ ရက် ညနေ ၄ နာရီခန့်က  စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိ၍ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ၎င်းကဆိုသည်။ 

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အမ်းမြို့ ဒလက်ချောင်း အနောက်ရွာ၊ ဒလက်ချောင်း တောင်ရွာ၊ ဒလက်ချောင်း မြောက်ရွာ နှင့် အလယ်ကျွန်းရွာစသည့်ကျေးရွာများမှ ဒေသခံ ဦးရေ ၆,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အမ်းမြို့ရှိ ကဇူးကိုင်းတောဟိန်းတောင်ပေါ်တွင်အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်ရင်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်နေသဖြင့်ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် အမ်းမြို့နယ်တွင် တွင် စက်သုံးဆီလက်ကျန်ရောင်းချနေသည့် လက်လီ၊လက္ကားဆိုင်များအား ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်က ရောင်းချခြင်း ရပ်တန့်ရန် စစ်ကောင်စီဘက်က လာရောက်ပိတ်ပင်သွားကြောင်းမြို့ခံများ၏အဆိုအရသိရသည်။

"လက်ရှိစက်သုံးဆီဆက်ရောင်းဖို့ ပိတ်ပင်တာ။ အရင်ကသတ်မှတ်ထားတဲ့စျေးနဲ့ ခွဲတန်းနဲ့ ဆိုင်ကယ်တစီးကို တလီတာဆိုပြီးကန့်သတ်ရောင်းတယ်။ ဒါပေမဲ့ ဆိုင်တွေကိုမေးကြည့်လိုက်တာ စက်သုံးဆီရှိတယ် မနေ့ကစပြီးရောင်းချခွင့်ပိတ်တာ"ဟုအမ်းမြို့ဒေသခံတဦးကပြောသည်။

ထို့ကြောင့် လက်ရှိတွင် စက်သုံးဆီများကို မှောင်ခိုရောင်းချနေရပြီး စက်သုံးဆီတလီတာလျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၁၈,၀၀၀ နီးပါးအထိစျေးနှုန်းမြင့်တက်သွားကြောင်းသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင်စစ်ကောင်စီက  နိုဝင်ဘာလ ၁၃ ရက်မှစ၍ လမ်းများပိတ်ဆို့ထား၍  ဒေသခံများမှာစက်သုံးဆီပြတ်လပ်မှုကြုံတွေ့နေရပြီး ထိ မြောက်ဦး၊ စစ်တွေ နှင့် သံတွဲမြို့တို့တွင်လက်ကျန် စက်သုံးဆီများအား ခွဲတမ်းစနစ်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများက ဆိုသည်။ 

ရက္ခိုင့်တပ်တော် (AA)နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေသည့်  ပလက်ဝဒေသအပြင် ရခိုင်ပြည်နယ်ရှိပေါက်တောမြို့ကိုလည်းစစ်ကောင်စီတပ်အနေဖြင့်  ကြည်း၊ ရေ၊ လေ တပ််များဖြင့်တိုက်ခိုက်လျက်ရှိသည်။

နှစ်ဘက်ထိတွေ့တိုက်ပွဲမရှိသည့် အမ်းမြို့အပါအဝင်ပုဏ္ဏားကျွန်းမြို့နှင့်ကျောက်တော်မြို့တို့တွင်မူ စစ်ကောင်စီတပ်မှလက်နက်ကြီးများ၊လေယာဥ်မှစက်သေနတ်များဖြင့်ပစ်ခတ်မှုများရှိကြောင်းဒေသအသီးသီး၏လူမှုကူညီရေးအသင်းအချို့နှင့်မြို့ခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အမ်းမြို့နယ်
#လက်နက်ကြီးကျည်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly