ရန်ကုန်တောင်းပိုင်းခရိုင်က စစ်ဆေးရေးဂိတ် ၁ ခု ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ 

By ရောင်နီ (မဇ္စျိမ)
04 December 2023
ရန်ကုန်တောင်းပိုင်းခရိုင်က စစ်ဆေးရေးဂိတ် ၁ ခု ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ 
ပုံအညွှန်း - ခရမ်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ပြည်သူများအား စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(ပုံအဟောင်း) (ပုံ - Khayan Channel)

ရန်ကုန်တိုင်း (တောင်ပိုင်းခရိုင်) ခရမ်းမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Khayan-PDF)ထံမှ သိရသည်။ 

ပဲခူး-ခရမ်း-သုံးခွကားလမ်းမပေါ် က ခရမ်းမြို့နယ်အထွက်ရှိ စစ်ကောင်စီ၏ ဒေးပေါက်စစ်ဆေးရေး ဂိတ်ကို ဒီဇင်ဘာလ ၃ ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒေးပေါက်စစ်ဆေးရေးဂိတ်က သန်လျင်၊ ခရမ်းမြို့အထွက် ဂိတ်ပါ။ အဲ့ဒီ့ဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်၊ ထိခိုက်မှုရှိနိုင်ပါတယ်” ဟု Khayan PDF တာဝန်ရှိသူ မဇ္ဈိမကို ပြောသည်။ 

ဒေးပေါက်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်အင်အား ၂၀ ဦးဝန်းကျင်ခန့်ရှိပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။ 

ဒေးပေါက်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုကို ခရမ်းဒေသခံများကလည်း အတည်ပြုပြီး စစ်ကောင်စီတပ်ဘကက် မြို့တွင်းစစ်ဆေးမှုကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေကြောင်း မဇ္ဈိမကို ပြောသည်။ 

“စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ကျတယ်ဆိုပြီး သတင်းထွက်နေတာရှိတယ်၊ ကြားသတင်းဆိုတော့ အတည်မပြုနိုင်ဘူး၊ သူတို့ဘက်က တုံ့ပြန်မှုက မြို့နယ်အတွင်း စစ်ဆေးတာ ကြမ်းလာတယ်၊ ရွာတွေကိုပါ လှည့်ပြီး စစ်ဆေးမှုတွေ လုပ်လာတယ်” ဟု ခရမ်းဒေသခံတဦးက ပြောသည်။ 

ပြီးခဲ့သည် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာလေးခုကို ကာကွယ်ရေးတပ်ဖွဲ့များက ဒေသကာကွယ်ရေး တပ်ဖွဲ့များက တချိန်တည်း တိုက်ခိုက်ခဲ့ကြသေးသည်။

ယင်းအပြင် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းကလည်း ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ထို့ပြင် သုံးခွမြို့နယ်ရှိ စစ်ကောင်စီအား သတင်းပေးနေသူတဦး၏ နေအိမ်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Khayan PDF နှင့် သုံးခွ ပကဖ တို့က သတင်းထုတ်ပြန်ထားသည်။ 

ယင်းသို့ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခပ်စိပ်စိပ်ရှိလာခြင်းကြောင့်  စစ်ကောင်စီတပ်က အဆိုပါ မြို့နယ်နှစ်မြို့နယ်တွင် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။ 

“သုံးခွမှာဆို မြို့အဝင်အထွက်တွေ အစစ်ဆေးတအားကြမ်းလာတယ်၊ ခရမ်းမြို့နယ်မှာတော့ ကားတွေနဲ့ ကင်းလှည့်တာတွေ ရှိတယ်၊ မြို့နယ်အတွင်း လျှပ်စစ်ဆိုင်ကယ် (Ebike) စီးခွင့်ကိုလည်း ဒီဇင်ဘာလ ၂ ရက်နေ့ကတည်းက ပိတ်ထားတယ်” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။ 

ရန်ကုန်တောင်ပိုင်းခရိုင်အတင်းရှိ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်သည် တိုက်ပွဲများ ပြင်းထန်နေသော ပဲခူးတိုင်း သက္ကလမြို့နယ်၊ ကဝမြို့နယ်များနှင့် နယ်နမိတ်ထိစပ်နေသည့် ရန်ကုန်တိုင်း၏ အစွန်ဆုံး မြို့နယ်များ ဖြစ်သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly