ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာ ရယူသည်ဟု အဂတိဖြင့် စွပ်စွဲခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု အထူးအယူခံ တရားလွှတ်တော်ချုပ်တွင် ကြားနာ

By 001 (မဇ္စျိမ)
04 December 2023
ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာ ရယူသည်ဟု အဂတိဖြင့် စွပ်စွဲခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု အထူးအယူခံ တရားလွှတ်တော်ချုပ်တွင် ကြားနာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာ ရယူခဲ့သည်ဟုဆိုကာ အဂတိပုဒ်မဖြင့် စွပ်စွဲခဲ့သည့် အမှု အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၌  ​လျှောက်လဲချက် ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အမှုနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့၏ သက်သေထွက်ချက်များ ကွင်းဆက်ပြတ်နေမှုများ၊ သက်သေအခိုင်အမာ မပြသနိုင်မှုများ၊ ထိုစဉ်က ဖမ်းဆီးခံထားရသူ ဦးဖြိုးမင်းသိန်း၏ ထွက်ချက်များဥပဒေအရ တရားမဝင်မှုများအပေါ် လျှောက်လဲချက်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် လျှောက်ထားခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

အမှုအား နောက်ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်ကာ ပုံမှန်အားဖြင့် တလကျော်ကြာမြင့်တတ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တင်ထားသည့် အထူးအယူခံအမှုများမှာ ခြောက်မှုသာကျန်ရှိတော့ပြီး မနက်ဖြန် ဒီဇင်ဘာလ ၅ ရက်နေ့ရုံးချိန်းတွင် ကျန်သည့်အမှုများကို ဆက်လက်ကြားနာရန်ရှိကြောင်း သိရသည်။

အမှုကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့၏ စာဖြင့် တင်ပြထားမှုကိုလည်း စစ်ကောင်စီဘက်က အကြောင်းပြန်လာခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ယနေ့ လျှောက်လဲချက်ပေးခဲ့သည့်အမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဧပြီလအတွင်းက ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်အနေကိုအမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး အမှုအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခံထားရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly