မြန်မာစစ်တပ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးရဖို့ ဂျာမနီ ငြင်းဆို 

By မဇ္ဈိမ 
04 December 2023
မြန်မာစစ်တပ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးရဖို့ ဂျာမနီ ငြင်းဆို 

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဂျာမနီအစိုးရရှေ့နေချုပ်က ငြင်းပယ်လိုက်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဂျာမနီ အစိုးရရှေ့နေချုပ်က ဆုံးဖြတ်လိုက်တာကို အထူးစိတ်ပျက်တယ်လို့ Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith မက်သရူး စမစ်သ် ကပြောပါတယ်။ 

 

အဆိုပါ တိုင်ကြားချက်ကို အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းက Fortify Rights နဲ့တကွ မြန်မာနိုင်ငံက တိုင်ကြားသူ ၁၆ ယောက်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေကို ကမ္ဘာတလွှား တရားစီရင်ပိုင်ခွင့် စည်းမျဉ်းအရ တင်သွင်းခဲ့တာလို့ ဆိုပါတယ်။

 

၂၀၁၆ နဲ့ ၂၀၁၇ အတွင်းက ရိုဟင်ဂျာတွေပေါ် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တာတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက တနိုင်ငံလုံးအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် အဓိက အာရုံစိုက်ကာ စုံစမ်းစစ်ဆေးဖို့ ကမ္ဘာ့တရားစီရင်ပိုင်ခွင့်မူအရ တင်သွင်းခဲ့တာဖြစ်ပါတယ်။

 

တိုင်ကြားလွှာမှာပါရှိတဲ့ သက်သေတွေနဲ့ ဥပဒေရေးရာ အချက်အလက်တွေကို သူတို့ အနေနဲ့ ယုံကြည်မြဲ ယုံကြည်ပါတယ်လို့လည်းမက်သရူး စမစ်သ်က ပြောပါတယ်။

 

ဆုံးဖြတ်ချက်ဟာ အထောက်အထားတွေရဲ့ အားသာချက်ပေါ် အခြေမခံဘူးလို့ ဂျာမနီရှေ့နေချုပ်ရုံးက ရှင်းရှင်းလင်းလင်းပြောကြားတယ်လို့ ဆိုပါတယ်။

 

တိုင်ကြားခံရတဲ့လူဟာ ဂျာမနီမှာ ရှိမနေဘဲ စုံစမ်းစစ်ဆေးရင်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) လောလောဆယ် ဆောင်ရွက်နေတာနဲ့ ပုံတူပွားသလို ဖြစ်မယ်လို့ Fortify Rights ကို ဂျာမနီအစိုးရ ရှေ့နေချုပ်က ပြီးခဲ့တဲ့လက အကြောင်းကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

 

ဒါပေမဲ့ စစ်ရာဇတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ် တာဝန်ရှိသူတွေနဲ့ အပေါင်းပါတွေကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် IIMM အနေနဲ့  အခုအချိန်အထိတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။  

 

Fortify Rights အဖွဲ့အနေနဲ့ကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ်ရာ ကျူးလွန်မှုတွေကို အဆုံးသတ်ဖို့နဲ့ တာဝန်ခံယူမှု ရှိစေဖို့အတွက် လွတ်မြောက်လာသူတွေနဲ့ အတူ မဟာဗျူဟာ နည်းဗျူဟာအသစ်တွေနဲ့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အစိုးရအချင်းချင်း အဆိုပါ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့၊ ဝာာဝန်ရှိသူတွေကို ဖမ်းဆီးဖို့နဲ့ ကျူးလွန်ခဲ့တာတွေကို ဝန်ခံပြီး ဝာာဝန်ခံယူမှုရှိစေဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေ အပါအဝင် တက်ကြွတဲ့ အစီအမံတွေကို လုပ်ဆောင်သွားဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly