မြန်မာနဲ့ တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်

By မဇ္ဈိမ 
04 December 2023
မြန်မာနဲ့ တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်

မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေးလေ့ကျင့်ခန်းတွေပါဝင်တဲ့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာပူးတွဲလေ့ကျင့်မှုတွေကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေကစတင်ခဲ့တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ပြောပါတယ်။

တရုတ်ရေတပ်ရဲ့ (ETG) က ဖျက်သင်္ဘော - Zi Bo ၊ ဖရီးဂိတ်စစ်ရေယာဉ်- Jing Zhou နဲ့ ထောက်ပံ့ရေးစစ်ရေယာဉ် - Qian Dao Hu တို့ ဟာ ဒီဇင်ဘာ ၁ ရက် ညနေက လေ့ကျင့်ခန်းဧရိယာကို ထွက်ခွာသွားပြီး  ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာရှိတဲ့ ရဲတံခွန်ရေနံမြေရဲ့ မြောက်ဘက်မှာ စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းဆောက်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။ ဒီလေ့ကျင့်ခန်းမှာ မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောနဲ့ အတူ တရုတ်ကလက်ဆောင်ပေးထားတဲ့ ရေငုပ်သင်္ဘော မင်းရဲကျော်ထင် လည်း ပါဝင်တယ်လို့လည်း သိရပါတယ်။

တရုတ်စစ်ရေယာဉ်တွေကို တရုတ်ရေတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဆန်ဘို ကဦးဆောင်ပြီး အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ခန့် လိုက်ပါလာတာဖြစ်ပါတယ်။မြန်မာရေတပ်ကပါဝင်လေ့ကျင့်ခဲ့တဲ့ စာရင်းကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးပါဘူး။

အဲဒီစစ်ရေးလေ့ကျင့်မှု မလုပ်ခင်မှာ တရုတ်ရေတပ်က စစ်သင်္ဘောအုပ်စုကို ဦးဆောင်လာသူနဲ့ အဖွဲ့ဟာ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ ရေတပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အွန်လိုင်းကနေဆွေးနွေးခဲ့တဲ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် စစ်ကောင်စီအရာရှိကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

တရုတ်ရေတပ်က စစ်သင်္ဘောတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာဟာ ဒီအကြိမ်အပါအဝင်ဆိုရင် ခြောက်ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြားစစ်ရေးပြင်းထန်နေချိန်မှာ တရုတ်ဟာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေးတွေပြု လုပ်နေကာ တရုတ်မြန်မာ နယ်စပ်မှာလည်းတရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်နေသလို အခုလို တရုတ် မြန်မာ ပူးပေါင်းကာ ရေကြောင်းဆိုင်ရာလေ့ကျင့်ရေးတွေကိုလည်း ဆက်တိုက်ပြုလုပ်လာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ရုရှားနိုင်ငံရေတပ်က စစ်သင်္ဘောသုံးစီးနဲ့ စစ်ကောင်စီရေတပ်တို့ တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကပ္ပလီပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး တပ်ဖွဲ့ဝင် ရှစ်ရာခန့် ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly