စစ်ကောင်စီနဲ့ ဆက်သွယ် သတင်းစကားပါးခြင်း လုံးဝ မဟုတ်ကြောင်း NUG ဝန်ကြီး တုံ့ပြန်

By မဇ္ဈိမ 
04 December 2023
စစ်ကောင်စီနဲ့ ဆက်သွယ် သတင်းစကားပါးခြင်း လုံးဝ မဟုတ်ကြောင်း NUG ဝန်ကြီး တုံ့ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ခြင်း မရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် တုံ့ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ Nikkei Asia သတင်းဌာနက ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ NUG အစိုးရက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ NUG ရဲ့ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ကြောင်း ဂျပန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ "Nikkei" က ဖော်ပြလာပါတယ်။

အဲဒီဆောင်းပါးမှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က  NUG အစိုးရအနေနဲ့ ဆွေးနွေးဖို့အတွက်ဆိုရင် ကြိုတင်သတ်မှတ်ချက်တွေရှိကြောင်း၊ ဥပမာပြရမယ်ဆိုရင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်ဖို့ လိုတယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း ဒေါ်ဇင်မာအောင်က ဒါဟာ အာဆီယံနဲ့ သံတမန်အသိုင်းအဝန်းက မေးမြန်းတဲ့အခါတွေမှာ ဖြေကြားလေ့ရှိတဲ့စကားသာဖြစ်ပြီး၊ အဲဒါဟာ စစ်ကောင်စီကို ဆက်သွယ်သတင်းစကားပါးတာ လုံးဝ မဟုတ်ကြောင်း၊ ဒါကြောင့် Nikkei Asia သတင်းဌာနရဲ့ ဖော်ပြချက်ဟာ အဓိပ္ပာယ်လွဲမှားကောက်ယူနိုင်စရာ အန္တရာယ်ဖြစ်ကြောင်း၊ အချက်အလတ်နဲ့ အာဘော် ရောထွေးနေတဲ့ အဆိုပါဆောင်းပါးရဲ့  အာဘော်မှာ မိမိရဲ့ အာဘော်နဲ့ နိုင်ငံရေး  ရပ်တည်ချက်မဟုတ်ကြောင်းလည်း အသိပေး တင်ပြထားပါတယ်။

မကြုံစဖူး လက်နက်ကိုင်တော်လှန်ရေးနဲ့ ရင်ဆိုင်နေရတဲ့  မြန်မာစစ်တပ်ဟာ ပြိုကွဲလုနီးပါး အခြေအနေ ရောက်ရှိနေပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုလှိုင်းလုံးတွေနဲ့ ထပ်မံကြုံတွေ့ရမှာဖြစ်တယ်လို့လည်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန် နစ်ကေးအေးရှ ( Nikkei Asia) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်က အနာဂတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတစ်ခုအဖြစ် ပရော်ဖက်ရှင်နယ်မဖြစ်သော စစ်တပ်နေရာမှာ  ပြည်သူနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အကာအကွယ်ပေးတဲ့ စစ်တပ်နဲ့ အစားထိုးရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို NUG ကိုယ်စားလှယ်များအပါအဝင် NCA လက်မှတ်ရေးထိုးထားတဲ့ EAO အချို့မှ ကိုယ်စားလှယ်တွေ   တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တတ်ရောက်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲအပြီးမှာ အင်ဒိုနီးရှားအစိုးရက အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေမှာ NUG အနေနဲ့ အဖွဲ့လိုက် သီးခြားတွေ့ဆုံမှု အစီအစဉ်တွေမှာသာ သီးသန့်တွေ့ဆုံ ဆွေးနွေးတာရှိပြီး စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့တော့ တွေ့ဆုံဆက်ဆံတာ မရှိကြောင်း ကြေညာချက်မှာ ရှင်းလင်းပြောကြားထားပါတယ်။

“တရားမဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေအပါအဝင် မည်သူနဲ့မှ မည်သည့်နေရာ၊ မည်သည့်အချိန်မှာမှ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိပါ။” ဆိုပြီး NUG နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly