ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးခင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံများ ဖမ်းဆီးခံရ

By ဓါတု (မဇ္ဈိမ)
04 December 2023
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးခင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံများ ဖမ်းဆီးခံရ
ဓာတ်ပုံ - AA တပ်ဖွဲ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်‌နေ့၌ စစ်ကောင်စီတပ်ဖွဲ့က လူနေအိမ်များနှင့် စပါးခင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံထံက သိရသည်။

"အိမ်တွေနဲ့စပါးခင်းတွေကို မီးလိုက်ရှို့တာ ဟုတ်ပါတယ်။စစ်ကောင်စီက မီးရှို့ပြီး ရွာထဲကလူတွေကိုလိုက်ဖမ်းနေလို့ ရဲရိုးပြင်နဲ့ခမောင်းတောဘက်ကရွာသားတွေ ဖြစ်ဖြစ်ချင်း ထွက်ပြေးကုန်ပြီ"ဟု ပုဏ္ဏားကျွန်းဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၂  နာရီခန့်တွင် စစ်ကောင်စီတပ်သည် ရဲရိုးပြင်ကျေးရွာသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အင်အား ၄၀ ကျော်ပါ ခြေလျင်တပ်ရင်း ခလရ(၂၇၀) တပ်ဖွဲ့က စပါးခင်းများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံအချို့အား ဖမ်းဆီးခြင်းများပြုလုပ်ကာ ညနေ ၄ နာရီ အချိန်ခန့်တွင် အဆိုပါကျေးရွာကပ်လျက်ရှိ ခမောင်းတောကျေးရွာတွင်လည်း အလားတူ ထပ်မံမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ညကထုတ်ပြန်ထားသည်။ 

အရပ်သားအချို့အား ဖမ်းဆီးနေခြင်းကြောင့် အဆိုပါကျေးရွာနှစ်ရွာတွင်် ကျန်ရှိနေသေးသော ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ၍ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည့် အရေအတွက်နှင့် မီးလောင်သွားသည့်အိမ်ခြေအရေအတွက် အတိအကျကို မသိရှိရသေးပေ။

ယင်းဖြစ်စဥ်မဖြစ်ပွားခင် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီ၏ နေဗီသင်္ဘောမှ ပေါက်တောမြို့အား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပေါက်တောမြို့ပေါ် ရပ်ကွက် သုံးခုတွင်လည်း မီးလောင်ပျက်စီးခဲ့ရ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။  

ဓာတ်ပုံ - CJ

စစ်ကောင်စီတပ်ဖွဲ့သည် အဆိုပါ ပုဏ္ဏားကျွန်းရှိ ရဲရိုးပြင်နှင့် ခမောင်းတောကျေးရွာတို့အား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်ကလည်း ဒရုန်းဖြင့် ဗုံးသီးချပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း မီးလောင်ပြာကျသွားပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပုဏ္ဏားကျွန်းမြို့အား တိုက်ပွဲမရှိဘဲ နေ့စဥ်နှင့်အမျှ ပစ်ခတ်နေပြီး  ဒေသခံများအား အကြောင်းမဲ့ ပစ်ခတ်နေသည့်အပြင် တောင်သူများအား စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊စပါးခင်းများအား မီးရှို့ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ 

ကုလားတန်မြစ်ကြောင်းတလျှောက် တက်လာသော စစ်ကောင်စီ၏ ရေတပ်သင်္ဘောနှင့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀) တပ်ရင်းက လက်နက်ကြီးဖြင့် လည်းကောင်း၊ ယခင်ရက်များတွင် ဒရုန်းများဖြင့် လည်းကောင်း အရပ်သားများနေထိုင်ရာ ကျေးရွာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီ၏ ခလရ(၂၇၀) တပ်ဖွဲ့ကလည်း  မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍  ယနေ့ ဒီဇင်ဘာလ ၄ ရက် နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်‌ တော်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly