ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ၊ဧရာကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံများက ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်များထံမှ စက်လှေတစီးလျှင် ငွေကျပ် ၅၀၀,၀၀၀ ကောက်ခံနေသည်ဟု ဒေသခံထံက သိရသည်။
“ကမ်းဝေးငါးဖမ်းစက်လှေတွေကို တောင်းတာပါ။ ကမ်းနီးငါးဖမ်းလှေတွေကတော့ တောင်းချင်သလိုတောင်းနေကြတာပါ”ဟု ဒေသခံကပြောသည်။
ထိုသို့ ငွေကြေးတောင်းယူမှုများကို သုံးလလျှင်တကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကောက်ယူရှိသည့်ငွေများအား အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ခွဲဝေယူကြကြောင်း သတင်းထွက်နေသည်ဟု ဆိုသည်။
“ဒီနှစ် နိုဝင်ဘာလမှာ လက်ရှိစစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်ကို စာတင်ပြီး တိုင်ဖူးပါတယ်။ အခုထိဘာမှ အရေးယူတာမျိုးမရှိပါဘူး"ဟု ဒေသခံတဦးကပြောသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ ယခုကဲ့သို့ ငွေကောက်ခံမှုများကို ပြုလုပ်လာခြင်းဖြစ်ပြီး ငါးဖမ်းစက်လှေပိုင်ရှင်းများမှာ စက်သုံးဆီစျေးနှုန်းများ စျေးတက်နေခြင်းနှင့် ရင်ဆိုင်နေရသည့်အပြင် ငွေကောက်ခံမှုပါ ထပ်ဆင့်ကြုံတွေ့ရသည့်အခြေအနေရှိနေသည်ဟု ရေလုပ်သားတဦးက ပြောသည်။
“တရားဝင်လိုင်စင်ရှိတဲ့ ရေလုပ်သားတွေကတော့ တောင်းတာကို ပေးလိုက်ရင်ပြီးတယ်။ လိုင်စင်မရှိတဲ့ ငါးဖမ်းလှေတွေကတော့ အဖွဲ့စုံရစ်ပြီး ငွေတောင်းတာကိုလည်း ခံရတာ”ဟု ၎င်းကပြောသည်။
ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ် ရေးမှူးက ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်နေသူများထံမှ ငွေကြေးတောင်းယူခြင်းနှင့် ဒေသခံများအပေါ် အမည်အမျိုးမျိုးတပ်၍ ငွေကောက်ခံ တောင်းယူခြင်းများကို ပြုလုပ်နေသည်ဟု ဒေသခံကဆက်ပြောသည်။
အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးဆိုသူမှာ ငွေကောက်ယူ၍မရသည့် ငါးဖမ်းစက်လှေပိုင်ရှင်တချို့အား ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်သည်ဟုလည်း ဒေသခံကပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး