ကိုရီးယားကျွန်းဆွယ်တွင် ရုန်းရင်းဆန်ခတ်မှုများ၊ စစ်ပွဲများ ဖြစ်ခွင့်ပေးမည်မဟုတ်ဟု တရုတ်ပြော

ကိုရီးယားကျွန်းဆွယ်တွင် ရုန်းရင်းဆန်ခတ်မှုများ၊ စစ်ပွဲများ ဖြစ်ခွင့်ပေးမည်မဟုတ်ဟု တရုတ်ပြော

စီအင်န်အေ၊ ဧပြီ ၂၈ ။                ။ ကိုရီးယားကျွန်းဆွယ်တွင် မည်သည့်ဖက်ကိုမျှ အကျိုးအမြတ်ရှိစေမည်မဟုတ်သည့် ရုန်းရင်းဆန်ခတ်မှုများ၊ စစ်ပွဲများကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်က အာရှနိုင်ငံခြားရေးဝန်ကြီးများအဖွဲ့သို့ ဧပြီ ၂၈ ရက်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ကာ နျူကလီးယားလက်နက်ပိုင်ဆိုင်နိုင်ရေး လုပ်ဆောင်လျက်ရှိခြင်းက တရုတ်ကို အမျက်ထွက်စေကာ ဒေသတွင်း တင်းမာမှုဖြစ်ပွားစေသည်။

“ကိုရီးယားကျွန်းဆွယ်နဲ့ အိမ်နီးချင်းအနေနဲ့ ဒီကျွန်းဆွယ်ပေါ်မှာ ပရမ်းပတာစစ်မက်ဖြစ်ပွားတာမျိုးကို ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး။ ဒါက ဘယ်သူအတွက်မှ အကျိုးရှိမယ့် ကိစ္စမဟုတ်ဘူး။”ဟု အာရှဒေသတွင်း အပြန်အလှန်အကျိုးပြုမှုနှင့် ယုံကြည်မှုတည်ဆောက်ရေးညီလာခံတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားနိုင်ငံသည် လေးကြိမ်မြောက်နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ကာ နျူကလီးယားတင်ဆောင်နိုင်သည့် ဒုံးကျည်များကိုလည်း စမ်းသပ်ပစ်လွှတ်မှုများ ရှိခဲ့သည်။

အထီးကျန်မြောက်ကိုရီးယားနိုင်ငံက မေ ၆ ရက်တွင် ကျင်းပရန်ရှိသည့် ရှားရှားပါးပါး ပါတီညီလာခံမတိုင်မီ နောက်ထပ်နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ဦးဖွယ်ရှိနေသည်။ အဆိုပါ ပါတီညီလာခံမှာ လူငယ်ခေါင်းဆောင် ကင်ဂျုံးအွန်၏ အာဏာတည်ဆောက်ရေး ကြိုးစားမှုတစ်ရပ်လည်း ဖြစ်နိုင်သည်။

တရုတ်နိုင်ငံမှာ မြောက်ကိုရီးယား၏ အဓိကမဟာမိတ်နိုင်ငံဖြစ်ခဲ့သော်လည်း နျူကလီးယားစမ်းသပ်မှုများကိုမူ ကန့်ကွက်ပြီး ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းကိုလည်း ကျောထောက်နောက်ခံအားပေးမှုပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly