မြန်မာ၌ ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးအား နေရပ်ပြန်ခေါ်ယူ

မြန်မာ၌ ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးအား နေရပ်ပြန်ခေါ်ယူ

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲ၌ ပိတ်မိနေခဲ့သော အလုပ်အကိုင် လိမ်လည်ဖျားယောင်းခံရသည်ဟု သံသယ ရှိရသူ မလေးရှားနိုင်ငံသား ၁၂၁ ဦးကို သောကြာနေ့၌ မြန်မာနိုင်ငံမှ ကယ်ထုတ်ခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသားတဦး ပါဝင်သော အဆိုပါ အုပ်စုသည် တရုတ်၊ ကူမင်းမြို့မှ အထူးစီစဉ်ထားသော လေယာဉ်ဖြင့် ကွာလာလမ်ပူလေဆိပ်သို့ နံနက် ၃ နာရီ ၂၄ မိနစ်တွင် ရောက်ရှိသည်ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကယ်ထုတ်ရေးမစ်ရှင်ကို နိုင်ငံများ ပူးပေါင်းပါဝင်ပေးခြင်းဖြင့် မြန်မာ-တရုတ် နယ်စပ်မှတဆင့် ကြာသပတေးနေ့ နံနက်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

အောက်တိုဘာနှောင်းပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့က ထိုးစစ်ဆင်သည့်နောက် မြန်မာမြောက်ပိုင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ ကယ်ဆယ်ရေးမစ်ရှင်ကို ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ မဟာမိတ်အဖွဲ့သည် မြို့အချို့နှင့် တရုတ်နယ်စပ်အနီးက စစ်စခန်းများကို သိမ်းပိုက်ထားနိုင်ပြီး ကုန်သွယ်ရေး အမျှင်ပြတ်လျက် ရှိသည်။

ရှမ်းမြောက်က လောက်ကိုင်တွင် သောင်တင်နေသူ ၁၂၈ ဦးကြားတွင် ကယ်ဆယ်ရေးအဖွဲ့လည်း ပါဝင်ကြောင်း မလေးရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်အယ်လ်လာမင်က နိုင်ငံပိုင် Bernama သတင်းဌာနသို့ သောကြာနေ့က ပြောသည်။

ဖြစ်စဉ်ကို မလေးရှားအစိုးရက စောင့်ကြည့်သွားမည်ဖြစ်ပြီး ကယ်တင်နိုင်ခြင်း မရှိသေးသည့် ကျန်ရှိ ခုနစ်ဦးကို ကယ်ထုတ်ရေးအား အသင့်ပြင်ထားကြောင်း မိုဟာမတ်ကို ကိုးကားပြီး  Bernama သတင်းက ဖော်ပြသည်။

မကြာသေးသောနှစ်များအတွင်း အရှေ့တောင်အာရှတလွှားရှိ ဆိုင်ဘာရာဇဝတ်မှုများနှင့် အလုပ်အကိုင် လိမ်လည်သော ကွန်ရက်များမှ မလေးရှားနိုင်ငံသား ရာပေါင်းများစွာကို ကယ်တင်ခဲ့ရသည်။ လစာများများ ပေးမည်၊ သင့်တော်သော အကျိုးခံစားခွင့် ရှိမည်ဟု ဖြားယောင်းခံရပြီး ဝင်းခြံများအတွင်း အတင်းအကျပ်နေစေကာ အွန်လိုင်းလိမ်လည်မှုများကို လုပ်ကိုင်ရကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly