လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဘာသာရေးဆရာများ ခေါ်ဆောင်ခံရ

By အဂမ် (မဇ္ဈိမ)
02 December 2023
လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဘာသာရေးဆရာများ ခေါ်ဆောင်ခံရ
ပုံအညွှန်း_ဓာတ်ပုံ- ပြည်သူ့စစ်ဖွဲ့စည်းရန်  တိုက်တွန်းစည်းရုံးနေသူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ခေါ် ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် စုဆောင်းရာတွင် ဘာသာရေးဆရာများ စုဆောင်းခံရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှ လီဆူအမျိုးသားလူငယ် အမြောက်အမြား ပြည်သူစစ်အဖွဲ့လုပ်ရန် ခေါ်ဆောင်ခြင်းခံရကြောင်းနှင့် ခေါ်ဆောင်ခံရသူများတွင် ဘာသာရေးဆရာအချို့ပင် ပါဝင်နေသည်ဟု ဝိုင်းမော်ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

“မြို့ပေါ်ရပ်ကွက်အားလုံး ခေါ်ပြီးသလောက်ရှိနေပြီ။ တချို့မြို့ပေါ်ရပ်ကွက်က အသင်းတော် သင်းအုပ်တွေရော ပါတယ်။ အသက် ၄၀ အောက် တအိမ်တယောက် မလုပ်မနေရ လုပ်ခိုင်းတယ်။ ဘာသာရေးဆရာတွေလည်း ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ရမယ်၊ ဒီတော့ လုပ်သင့်တယ်ပေါ့။ ဘာသာရေးဆရာဆိုတဲ့အထဲမှာ အသက်ကြီးတဲ့ သင်းအုပ်တို့၊ သင်းထောက်တို့ မဟုတ်တဲ့ ဆရာတွေပေါ့။ ခုတော့ အသင်းတော်မှာ လာညှိသွားပြီ။ ဘယ်သူတွေ ပါသွားလဲတော့ မသိသေးဘူး။ အခြေအနေက ဒီမှာအတော့်ကို ရှုပ်ထွေးနေတာ ” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်သော သာဂရရပ်ကွက်ရှိ လီဆူလူမျိုးအများစု ဆုတောင်းဝတ်ပြုသည့် လီဆူနှစ်ခြင်းအသင်းတော်သို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ခေါ် ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်းကိုယ်တိုင် လာရောက်ပြီး ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် ဘာသာရေးဆရာများနှင့် လူငယ်များကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက လီဆူလူမျိုးတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို လက်နက်ကိုင် ကာကွယ်ရန်အတွက် တအိမ်တယောက် မဖြစ်မနေ ပါဝင်စစ်မှုထမ်းရမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမည်စာရင်း မပေးသွင်းပါက နေအိမ်အထိ လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း လီဆူဘာသာစကားဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက်တစောင် ကချင်လူထုအသိုင်းအဝိုင်းကြားထဲ ပျံ့နှံ့လာခဲ့သည်ဟု လီဆူမြို့ခံ သတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိအချိန်တွင် ယင်းထုတ်ပြန်ချက် ပျံ့နှံ့ပြီးနောက်ပိုင်း ဝိုင်းမော်မြို့အတွင်းရှိ လီဆူလူငယ်များသည် နေအိမ်များမှ အခြားနေရာဒေသများသို့ ရွေ့ပြောင်း နေထိုင်ကြသူများပင် ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

"ဒီမှာ အခြေအနေက တအားရှုပ်နေတယ်လို့ပြောလို့ရတယ်။ အိမ်မှာ ဘယ်သူရှိလဲ ရှိတဲ့သူခေါ်သွားတယ်။ အမေရှိလား ရှိရင်ခေါ်သွားတယ် နောက်မှ အဖေနဲ့ဖြစ်ဖြစ် သားနဲ့ဖြစ်ဖြစ် လူပြန်ချိန်းရတယ်။ တချို့က ငွေနဲ့ ပြန်ရွေးရတယ်လို့လည်း ပြောကြတယ်။ အခွန်အနေနဲ့ တော်တော်ပေးရတယ်တဲ့ " ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နောက်ပိုင်းမှစ၍ ဒူးလေးပါတီဥက္ကဌဟောင်း ဦးရွှေမင်းကိုယ်တိုင် ကွင်းဆင်းကာ  ပြည်သူ့ စစ်တပ်ဖွဲ့နှင့်အတူ  ဝိုင်းမော်မြို့နယ်အတွင်းရှိ လီဆူအများစု နေထိုင်ကြသော ဝူယန်ကျေးရွာ၊ အောင်မြေ (၁)၊ (၂) ကျေးရွာ နှင့် ခတ်ချိုကျေးရွာများရှိ လီဆူလူငယ်အမျိုးသားအချို့ကို ခေါ်ဆောင်သွားကြောင်း မြို့ခံသတင်းရင်းမြစ်များက မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့ကို ပြောသည်။

ထိုသို့ ပြည်သူ့စစ်လုပ်ရန် လူသစ်စုဆောင်ခြင်းကို ဝိုင်း မော်မြို့တွင် စတင်ပြီး ထိုမှတဆင့် မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး စသဖြင့် လီဆူလူမျိုးများ နေထိုင်သည့် ဒေသများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်သူ့စစ်ခေါ်ယူသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးရွှေမင်း၏ ပြည်သူ့စစ်မှာ စစ်ကောင်စီတပ်၏ လက်အောက်ခံ အဖွဲ့ဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သို့ စစ်ကြောင်းထိုးသည့် နန်ဆန်ယန်လမ်းကြောင်း (ဝိုင်းမော်မြို့) ဘက်မှ စစ်ကောင်စီတပ်ကို အားဖြည့်ပေးနေသော လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ကချင်ပြည်နယ်
#ဝိုင်းမော်မြို့
#လီဆူပြည်သူ့စစ်

ပုံအညွှန်း-ဦးရွှေမင်းဆိုသူအား ဆုတောင်းပွဲတခုတွင်တွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly