တမူးမြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လှုပ်ရှားမှုပြုလုပ်

By ပါခွီး(မဇ္စျိမ)
01 December 2023
တမူးမြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လှုပ်ရှားမှုပြုလုပ်
ပုံအညွှန်း - အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေးလှုပ်ရှားမှုများပြုလုပ်နေစဥ် ဓါတ်ပုံ -  ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပတ်မြို့၌ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းမှုပပျောက်ရေး အထိမ်း အမှတ်အဖြစ် နိုဝင်ဘာလ ၂၈ရက်နေ့ပြုလုပ်ခဲ့ကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့် အရေးအစည်းအရုံး ထံက သိရသည်။

နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ၁၆ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအဖြစ် “အမျိုးသမီးများအပေါ်အကြမ်းမဖက်ဖို့ ဖဲကြိုးဖြူနှင့်ကတိပြုစို့” ဆောင်ပုဒ်ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ခါမ်းပတ်မြို့နယ်အတွင်း အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး လက်ကမ်း စာစောင်များဝေငှခြင်း ၊ ဖဲကြိုးဖြူများကိုတပ်ဆင်ပေးခြင်းများနှင့် တပ်ဆင်ရခြင်း အကြောင်းအရင်းများကို ရှင်းပြခြင်းများ အမျိုးသမီးအဖွဲ့ ဝင်များက ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ကျမတို့ ဖဲကြိုးဖြူတပ်ဆင်ပေးတာကို အမျိုးသမီးအများစုနဲ့ အချို့သော အမျိုးသား များကလက်ခံပေမဲ့ တချို့ အမျိုးသားတွေကလက်မခံကြတာကိုတွေ့ရပါတယ်” ဟု ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး မှ နိမ်ဘွိုင်း က မဇ္စျိမ ကိုပြောသည်။

ဖဲကြိုးဖြူတပ်ဆင်ရခြင်းမှာ အမျိုးသမီးများအပေါ် စိတ်ပိုင်း ၊ရုပ်ပိုင်းနှင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းကို မပြုလုပ်တော့ကြောင်းကတိကဝတ်ပြု တပ်ဆင် စေခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုလျော့နည်းလာစေရေးအတွက် ပူးပေါင်း ပါဝင်ကြရန်ဖိတ်ခေါ်ခဲ့ကြောင်းဆိုသည်။

အလားတူ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၇ရက်နေ့ကလည်း အိန္ဒိယနယ်စပ်ကျေးရွာတစ် ရွာတွင် နေရပ်စွန့်ခွာခဲ့သော အမျိုးသမီးထုနှင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းလှုပ်ရှားမှုအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုလျော့နည်းလာနိုင်စေရန် အမျိုးသမီးများကိုယ်တိုင် ရေငုံနုတ်ပိတ်မနေသင့်ကြောင်းနှင့် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

အမျိုးသမီးငယ်နှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတွေ့ကြုံလာပါက လုံခြုံအိမ် (Safe House)တွင် လာရောက်ရန် ဝန်ဆောင်မှုပေးနေပြီး ၊ ဆေးဝါးကုသပေးခြင်း ၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက ပြုလုပ်ပေးနေကြောင်းသိရသည်။

ယခုလတ်တလောအချိန်တွင် တမူးမြို့ခရိုင်အတွင်း တိုက်ပွဲများ နေ့စဥ်မပြတ်ရှိနေ ပြီး ရာသီအကူးအပြောင်းဖြစ်နေသောကြောင့် စစ်ဘေးရှောင်များအတွက် အရေးပေါ် ဆေးဝါးများ ၊ အခြေခံစားသောက်ကုန်များကို လိုအပ်လျက်ရှိပြီး မိဘပြည် သူများအနေဖြင့် ဖြည့်ဆည်းပေးစေလိုကြောင်း နမ်ဘွိုင်း ကပြောကြားခဲ့သည်။

အလားတူ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တမူးခရိုင် မှလည်း “အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင်ပံ့ပိုးစို့” ဆောင်ပုဒ်ကိုကိုင်စွဲပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပါဝင်ကာ ဖဲကြိုးဖြူ ကမ့်ပိန်းပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအခြေပြုအကြမ်းဖက်မှုအကြောင်းများ ဟောပြောခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly