မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၂နှစ်အရွယ်ကလေးငယ်သေဆုံး၊ မိဘများ ဒဏ်ရာရ

By 008(မဇ္စျိမ)
30 November 2023
မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၂နှစ်အရွယ်ကလေးငယ်သေဆုံး၊ မိဘများ ဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဘိုကုန်းကျေးရွာကို ယနေ့ နိုဝင်ဘာ ၃၀ရက်နံနက် ၁နာရီခန့်တွင် စစ်​ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ   အသက် နှစ်နှစ်အရွယ် ကလေးတဦးသေဆုံးပြီး အဆိုပါ ကလေး၏ မိဘနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

မတ္တရာမြို့နယ်၊ကျွဲခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဘိုကုန်းကျေးရွာကို ၆၀ မမဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့ထိခိုက်သေဆုံးခဲ့ခြင်းဟုမတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

၎င်းက "စစ်ကောင်စီတပ်တွေက ညသန်းခေါင်ကျော်မှာ ပစ်တယ်။အိမ်တအိမ်ပေါ်ကျတယ်။အဲဒီအိမ်မှာရှိတဲ့သူတွေထိတာပေါ့။ ကလေးကတော့ ညကတည်းကသေဆုံးသွားတယ်။လူကြီးနှစ်ဦးက ဒဏ်ရာတွေရသွားတယ်"ဟု ပြောသည်။

သေဆုံးသွားသည့် ကလေးကို ယနေ့နံနက်ပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးသည်ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။  လက်ရှိတွင်  ဘိုကုန်းရွာတရွာလုံး ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ကျွဲခြံကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၂၇ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုနေ့မှစ၍   အနီးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဟု သိရသည်။

မတ္တရာမြို့နယ်အတွင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက် မှ အထိနာပြီး အရှင်ဖမ်းဆီးခံထားရသူများလည်းရှိနေ​သည်။ထို့ကြောင့် စစ်ကောင်စီက  မတ္တရာမြို့နယ်အတွင်း ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required