ရန်ကုန်တိုင်းဒေသကြီး ပြည်သူတွေ ဆန္ဒပြရမှာက ရန်ကုန်တိုင်း မထသ

ရန်ကုန်တိုင်းဒေသကြီး ပြည်သူတွေ ဆန္ဒပြရမှာက ရန်ကုန်တိုင်း မထသ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်မှာနေတဲ့ ဒေါ်ခင်အေးသိန်းက မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာက အခုအချိန်မှာ အစိုးရသစ် ပြောင်းလဲခဲ့သလို အချို့လုပု်ငန်းနဲ့ ဌာနတွေမှာ ပြောင်းလဲမှုတွေ စတင်နေပြီ ဖြစ်ပေမယ့် ပြောင်းလဲမှု မရှိသေးတဲ့ ရန်ကုန်တိုင်း မထသကိုလည်း ပြောင်းလဲစေချင်တာကြောင့် ယခုလို စာရေးပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့ရုံးလုပ်ငန်းရဲ့ သဘာဝအရ အချိန်ပိုဆင်းရလေ့ ရှိတဲ့အတွက် နေ့စဉ် သူ ၇ နာရီနီးပါးမှ ရုံးဆင်းလေ့ ရှိပါတယ်။ ရုံးတက်ရုံးဆင်းမှာလည်း ကြိုပို့မရှိတဲ့ အတွက် မထသလိုင်း ယာဉ်လိုင်းများကိုပဲ နေ့စဉ် စီးပြီး သွားလာနေရသူ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရုံးက ပန်းဆိုးတန်းကားဂိတ်နဲ့ နီးပေမယ့် ရုံးဆင်းချိန်ဆိုရင် ပန်းဆိုးတန်းကားဂိတ်မှာ ကားတွေက အစဉ်အမြဲ ပိတ်ဆို့နေပြီး ရပ်စရာ နေရာမရှိတဲ့အတွက် လမ်းအလယ်ကသွားတဲ့ စီးမယ့်ကားကို ကားကြိုကားကြားကနေ သက်စွန့်စံဖျား အပြေးအလွှား စီးရပါတယ်။ ဒါကြောင့် ယာဉ်ရပ်နားဖို့ကျယ်တဲ့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ ကားဂိတ်ကို ပြောင်းပြီး ကားစောင့်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

မဟာဗန္ဓုလပန်းခြံ ကားဂိတ်ကလည်း ပန်းဆိုးတန်းဂိတ်နဲ့ သိပ်မကွာပါဘူး။ ဆူးလေဘုရားလမ်း ကလာတဲ့ ကားနဲ့ မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေကို ကွေ့ပြီး လာတဲ့ကားတွေဟာ ပန်းခြံရှေ့နားမှာ မရပ်ကြဘဲ ကွေ့နားမှာပဲ စုပြုံရပ်နေကြတဲ့အတွက် ကားတွေရပ်ဖို့ အဆင်မပြေတာကြောင့် ကားစီးမယ့် ခရီးသည်တွေဟာ ပြေးလွှားပြီး ကိုယ်စီးမယ့်ကားဆီကို သွားကြရပါတယ်။

အလင်းရောင်မရှိတော့တဲ့ နေဝင်ချိန်ဆို ကားတွေကို မမြင်ရတဲ့အတွက် စီးမယ့်ကားက လွတ်သွားပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရပြန်ပါတယ်။ အဆိုးဆုံးကတော့ တောင်ပိုင်းခရိုင် သန်လျင်သွားတဲ့ တက္ကစီကားတွေ၊ လိုင်းကားတွေဟာ ပန်းခြံရှေ့နားမှာ မိုးချုပ်တာနဲ့ အချိန်ကြာမြင့်စွာရပ်ပြီး လူခေါ်တင်နေတဲ့အတွက် အခြားလိုင်းကားတွေမှာ ရပ်ဖို့ အဆင်မပြေသလို စီးမယ့် ခရီးသည်တွေမှာလည်း အခက်အခဲ ဖြစ်ရတယ်လို့ ရေးပါတယ်။

သူပြောချင်တာက မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး(မထသ)ကြီးကို ဖွဲ့ထားပါလျက် ဒီအဖွဲ့က အုပ်ချုပ်သူနဲ့ ဝန်ထမ်းတွေ ဘာလုပ်နေကြလဲလို့ ခရီးသွား ပြည်သူတစ်ဦးအနေနဲ့ သိချင်ပါ တယ်။ အခု မြင်နေတာက ယာဉ်လိုင်းတွေဟာ ယာဉ်ထိန်းရဲကလွဲရင် ဘယ်သူ့မှ ဂရုထားစရာမလိုဘူး ဆိုတဲ့ အနေအထားမျိုးတွေ တွေ့နေရလို့ ဒီစာကို ရေးတာဖြစ်တယ်လို့ ပြောပါတယ်။ မိုင်နှုန်း ကန့်သတ် ထားပါလျက်နဲ့ မောင်းချင်သလို မောင်းတယ်။ ကားမှတ်တိုင်တွေမှာ အကြာကြီး ရပ်ချင်သလို ရပ်တယ်။ ထွက်ချင်တဲ့အချိန်မှ ထွက်တယ်ဆိုတာ ခရီးသွားပြည်သူတွေကို စော်ကားတာနဲ့ အတူတူပါပဲ။

ဒီလိုမျိုးတွေမဖြစ်အောင် မထသကို ဖွဲ့စည်းထားတာပါ။ ကားဂိတ်တွေမှာ အချိန်မှူး လုပ်သူတွေ လည်း မနက်ကနေ ညနေ ၅ နာရီလောက်အထိပဲရှိပြီး သူတို့ကြည့်လိုက်ရင် ကားတွေက ၂၀၀ တန် တစ်ရွက်ကို ယူတာကလွဲပြီး ကားတွေပိတ်နေလို့ ရပ်နေကြတာလို့လည်း ဘာမှ ပြောကြတာ မတွေ့ဖူး ပါဘူး။ ဘာမှမလုပ်ဘဲ ကော်မတီတွေဖွဲ့ ဝန်ထမ်းတွေအများကြီး ခန့်ပြီးနေကြတာက ဘဏ္ဍာငွေတွေ အလဟသ ဆုံးရှုံးပါတယ်။ မထသရဲ့ လုပ်ဆောင်ချက် ဘယ်လောက်ထိရောက်သလဲဆိုရင် သြင်္ကန် မှာ မြို့တွင်း မထသယာဉ်တွေ ယာဉ်စီးခ ၂၀၀ လမ်းကို ၁၀၀၀ ကျပ် ပေးရပါတယ်။ အဝေးပြေး မထသဆိုရင် တသောင်းကျတဲ့ လမ်းခရီးကို ၂ သောင်း ပေးရပါတယ်။

ကျူးကျော်တို့၊ လမ်းပိတ်ဆို့မှုတွေကို လျော့နည်းပပျောက်အောင် လုပ်မယ့် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေနဲ့လည်း သူတို့ထက်စာရင် အမြန်ဆုံး ပြုလုပ်ပေးနိုင်တဲ့ မထသကို ဖျက်သိမ်းပြီး အခြားပုံစံတစ်နည်းနဲ့ အစားထိုး ပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ်၊ မဖျက်သိမ်းရင်လည်း အုပ်ချုပ်မှုပြောင်း လဲတဲ့ ပုံစံ ပြုလုပ်ပေးဖို့ပဲဖြစ်ဖြစ် အမြန်ဆုံး ဆောင်ရွက်ပေးစေလိုပါတယ်။

ခရီးသွားပြည်သူတွေမှာ နေ့စဉ် ခံစားနေရတဲ့ ဆင်းရဲဒုက္ခ အခက်အခဲကို ပြုပြင်ပြောင်းလဲမှုများနဲ့ ပြုလုပ်ပေးပါလို့ ခရီးသွားပြည် သူများရဲ့ကိုယ်စား ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags