ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များကို ပြန်နှင်လွှတ်ဟု HRW ပြော

ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များကို ပြန်နှင်လွှတ်ဟု HRW ပြော
၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရိုက်ယူထားသော ဤဓာတ်ပုံသည် ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရှိ နယ်စပ်မြစ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးလာကြရသော မြန်မာစစ်ဘေးဒုက္ခသည်များ (Photo: AFP)

ထိုင်းအစိုးရသည် နယ်စပ်၌ မြန်မာဒုက္ခသည်ထောင်နှင့်ချီကို ဖိအားပေး ပြန်ခိုင်းမှုများ ရှိခဲ့ပြီး မြန်မာတွင် အဆိုပါဒုက္ခသည်များ၏ အသက်အတွက် ဘေးမကင်းဖြစ်စေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။

၂၀၂၃ အောက်တိုဘာလကုန်တွင် ထိုင်းစစ်တပ်သည် မြန်မာ၏ ကရင်နီ (ကယား) ပြည်နယ်နှင့် ထိစပ်သည့် နယ်စပ်ဧရိယာများတွင် ခိုလှုံလျက်ရှိသည့် ဒုက္ခသည်များကို စတင်၍ အတင်းအကျပ် ပြန်ခိုင်းခဲ့သည်။ ယင်းနောက် များကြာမီတွင် ဒုက္ခသည်အများအပြားသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ပြန်လည်ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ပစ်မှတ်ထားခံရမည် သို့မဟုတ် ပိတ်မိသွားမည့်အပေါ် စိုးရိမ်ပူပန်သဖြင့် ထိုင်းဘက်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးခင်က မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်တာတွေကို ရပ်တန့်သင့်ပါတယ်။ သူတို့ကို ထိုင်းနိုင်ငံမှာ အကာအကွယ် ရှာဖွေခွင့်ပြုသင့်ပါတယ်” ဟု HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ အီလိန် ပီယာဆန်က ပြောသည်။ “အဲဒီ ဒုက္ခသည်တွေထဲက အများအပြားဟာ ပြန်နှင်လွှတ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းဘက် ပြန်ရောက်လာတာကို ကြည့်မယ်ဆိုရင် သူတို့တွေဟာ မြန်မာဘက်မှာ သူတို့ရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေတယ်ဆိုတာကို ပြသနေပါတယ်”

ထိုင်းသည် ၁၉၈၀ နှစ်လယ်နောက်ပိုင်း ဒုက္ခသည်စခန်းကိုးခုတွင် မြန်မာဘက်မှ ဒုက္ခသည် ၉၀,၀၀၀ ခန့်ကို ခိုလှုံခွင့်ပေးခဲ့သည်။ မြန်မာတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နောက်ထပ် မြန်မာဒုက္ခသည် ၄၅,၀၀၀ ထက်မနည်းသည် ထိုင်းဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုင်းအစိုးရသည် အဆိုပါ အသစ်ရောက်ရှိလာသူများကို နယ်စပ်အနီး ရိုးရိုး ယာယီ စခန်းများတွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း ၎င်းတို့ကို ကြို့ကြားကြို့ကြား ဆိုသလို ပြန်နှင်လွှတ်ထားခဲ့သည်။

အဆိုပါ အသစ်ရောက်လာသူများကို ရှိရင်းစွဲ ဒုက္ခသည်စခန်းများသို့ ဝင်ခွင့်မပြုသလို ထိုင်းတာဝန်ရှိသူများက ၎င်းတို့၏ သွားလာလှုပ်ရှားမှုနှင့် လူသားချင်းစာနာမှု အကူအညီနှင့် ဝန်ဆောင်မှုများ လက်လှမ်းမီမှုအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများ ချမှတ်ခဲ့သည်။

ကရင်နီပြည်နယ်တွင် မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လတွင် မြန်မာဒုက္ခသည် ၉,၀၀၀ ခန့်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ဘေးကင်းရာ ခိုလှုံတိမ်းရှောင်ခဲ့ကြသည်။ ကနဦးတွင် ထိုင်းအာဏာပိုင်တို့က ၎င်းတို့ကို ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ခွင့်ပြုခဲ့သည်။

အောက်တိုဘာ ၂၁ ရက်တွင် ဒုက္ခသည်များကို နှစ်ပတ်အတွင်း မြန်မာဘက်သို့ ပြန်ကြရန် ထိုင်းစစ်တပ်က နှုတ်ဖြင့် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားခံရပြီးနောက် ၎င်းတို့ နေထိုင်ရာ စခန်းများသည် လူသူမရှိတော့ဘဲ ဒုက္ခသည်များသည် လေးရက်မှငါးရက်အထိ ကြာသည့် ခရီးအဖြစ် နယ်စပ်ဖြတ်ကာ ကရင်နီပြည်နယ်ထဲ လမ်းလျှောက် ပြန်ခဲ့ကြသည်။ အများအပြားသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် အခြေချနေရာတခုရှိသည့် Doh Noh Ku သို့ သွားခဲ့ကြသည်။

ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားသော တော်လှန်ရေးအဖွဲ့များက ရှမ်းမြောက်ပိုင်းတွင် စစ်တပ်ကို ထိုးစစ်ဆင်မှု စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင်လည်း နေရပ်ပြန်နှင်လွှတ်မှုများ ရှိနေခဲ့ဆဲဖြစ်သည်။ မြန်မာရှိ အခြားနေရာများတွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့များက စစ်တပ်ကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်တပ်ကလည်း ကရင်နီပြည်နယ် အပါအဝင် လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်အထိ မြန်မာနိုင်ငံသား ၂,၃၈၇ ဦးကျော်သည် နိုင်ငံမှ နောက်ထပ်တကြိမ် ထွက်ပြေးပြီး နယ်စပ်ဖြတ်ကာ ထိုင်း၏ မယ်ဟောင်ဆောင်ခရိုင်သို့ ဝင်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required