နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၉ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
29 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၉ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ Non CDM ဝန်ထမ်း များအနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ကြရန် ထီးချိုင့်မြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျေးရွာ ၁ ရွာမှာ ဒေသခံပြည်သူများအား မှုခင်းအသိပညာပေး ဟောခြင်းနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခြင်းများကို လုပ်ဆောင်ခဲ့ ကြောင်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံမှ သိရသည်။
ကြားကာလတက္ကသိုလ်များမှာ ရိုဟင်ဂျာကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၂၃ခုနှစ် ကြားကာလတက္ကသိုလ်များ တက္ကသိုလ် ဝင်ခွင့် ဖြစ်မြောက်ရေးအဖွဲ့နှင့် ရိုဟင်ဂျာအဆင့်မြင့်ပညာရေးအသင်းတို့အကြား တွေ့ဆုံဆွေးနွေး မှုကို ဗီဒီယို ကွန်ဖရင့်ကတစ်ဆင့်ပြုလုပ်ခဲ့ကြသည်။
ကြားကာလတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုအတွက် ပထမအကြိမ် လျှောက်ထားခွင့်ကာလသည် နိုဝင်ဘာ ၂၉ ရက်  က နောက်ဆုံးရက်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ၊ ပညာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေး ဝန်ကြီးဌာန(MOD)က ယမန်နေ့ နိုဝင်ဘာလ ၂၈ရက်ညတွင် သတင်းထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မြိုင်မြို့နယ်ရှိ ပြည်သူများက ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းထံ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း တွင် စားသုံးဆီအတွက် အထောက်အကူဖြစ်စေရန် ရာသီပေါ်မြေပဲသီးနှံများကို ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့မှ စစ်ကောင်စီအဓိက စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အားထိန်းချုပ်ထားနိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာအရှေ့ဘက် ၊ ကျီးရိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ  ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်သဖြင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသခံပြည်သူများကပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်ဒကစ) လက် အောက်ခံ ကုန်ကြမ်းမြို့အခြေစိုက် ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်တွင် သတင်းဖော်ပြထားသည်။
ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non CDM ဝန်ထမ်းများနှင့် မိသားစုဝင်များ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ စိစစ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက် ပြေးသည့် စစ် ကောင်စီ လက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေးလိုက် ကြောင်း သိရှိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေ အုပ်ချုပ်နယ်မြေ ၊ ဒူးပလာယာခရိုင် ၊ ကော့ကရိတ် မြို့နယ်၊ ဝေါ်လေကျေးရွာမှာ ဒေသခံ ပြည်သူ ၁ ဦး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် ၂ ဖက်စလုံး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
မြန်မာ-အိန္ဒိယ နယ်စပ်မြို့ဖြစ်သည့် လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်ရေးအဖြစ် အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း ချင်းအမျိုသားတပ်ဦး(CNF/CNA)က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့စစ်ကောင်စီစခန်းကို ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၉နာရီခွဲ အချိန်တွင် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်း အမျိုးသား တပ်မတော် (CNA) ထံမှ သိရသည်။
ကရင်နီပြည်၊ မယ်စဲ့မြို့မှ ဖားဆောင်းမြို့ဘက်သို့ တပ်ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးကာ တဦး အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ကရင်နီ သတင်းအချက် အလက်စင်တာ (KnIC) က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းအား ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး အပါအဝင် ကိုးဦးသေဆုံးကြောင်း ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဝ”ဒေသကို စစ်ရှောင်လာသည့် ပြည်သူ ၃၀၀၀ ကျော်ကို တန့်ယန်မြို့ဘက်ကို ကားကြီး အစီး ၅၀ ကျော်နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ခံ ဦးညီရန်းက ပြောသည်။
စစ်ကောင်စီ 
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ စစ်တပ်နှင့်စစ်ကောင်စီ ကို ဟန့်တားနှောင့်ယှက်မှုတို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရှိရ သည်။
ကမ္ဘာ့ ကုလသမဂ္ဂကနေ အပြည်ပြည်ဆိုင်ရာကလေးများနှစ်ကို ၁၉၇၉ခုနှစ်က စပြီးသတ်မှတ်ခဲ့ရာ ယခုနှစ်မှာ (၄၄)နှစ် ပြည့်သွားပြီဖြစ်ပြီးယင်း အထိမ်းအမှတ်အဖြစ် အထူးထုတ်စာပို့တံဆိပ်ခေါင်း သစ်တစ်ခုကို ဒီဇင်ဘာ၁ရက်မှာ ထုတ်ဝေးကာ ရောင်းပေးမည်ဟု မြန်မာ့စာတိုက်လုပ်ငန်းကနေ သိရသည်။
PDF game အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဟု စွတ်စွဲပြောဆိုကာ လူငယ်များ မကစားကြရန် စစ်ကောင်စီက သတင်းစာများတွင် ဖော်ပြ၍ ခြိမ်းခြောက်တားမြစ်နေသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ အားနေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ လက်ခံတွေ့ ဆုံကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ငြိမ်း) ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ နိုဝင်ဘာ ၂၇ ရက်က ကျင်းပသော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၅) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂၉ သုံးသပ်ချက်
တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် တော်လှန်ရေးအရှိန်မြင့်နေစဉ် စစ်ကောင်စီဘက်ယိမ်း နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ လာရောက်ခြင်းဖြစ်တာကြောင့် စစ်အာဏာရှင်ကို တွန်းလှန်နေသူတိုင် သတိပြုရမည်ဖြစ်သည်။
စစ်ကောင်စီတပ်များ အထိနာကာ အလံဖြူထောင်၍ တပ်ရင်းအလိုက် လက်နက်ချနေသလို စစ်စခန်းများလည်း တစ်ခုပြီးတစ်ခုအသိမ်းခံနေရသည့်အတွက် တပ်ပျက်ကာ ဖရိုဖရဲဖြစ်နေသည်ဟု ဆိုရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly