ကျန်ရှိသေးသည့် ပေါက်တောဒေသခံများအား AA က ထပ်မံကယ်ထုတ်

By ဓါတု (မဇ္ဈိမ)
29 November 2023
ကျန်ရှိသေးသည့် ပေါက်တောဒေသခံများအား AA က ထပ်မံကယ်ထုတ်
ပုံအညွှန်း - ကျန်ရှိသည့်ဒေသခံများအား AA မှကယ်ထုတ်ပေးနေပုံ(photos- AA)

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ကျန်ရှိနေသေးသော ပေါက်တောဒေသခံများအား ရက္ခိုင့်တပ်တော်(AA)က ထပ်မံကယ်ထုတ်နိုင်ကြောင်း ယနေ့နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

 စစ်ကောင်စီတပ်မှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်းခံရသည့် ကျန်ရှိသေးသောအရပ်သားများကို AA က ထပ်မံကယ်ထုတ်နိုင်ခဲ့၍ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များအား ကယ်ထုတ်နေသည်ကို ထုတ်ပြန်ထားသည့်ဗွီဒီယိုဖိုင်ထဲတွင် တွေ့ရသည်။

စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ပြန်ပေးဆွဲထားသော လူပေါင်း ၁၈၀ ကျော်အနက် ၁၂၀ ဦးအား  နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၃ ရက်တွင် အရပ်သား  ၁၀၄ ဦးအား ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ်စစ်ကောင်စီမှ ပြန်ပေးဆွဲဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

 ထို့နောက် AA မှ ယနေ့ထုတ်ပြန်ထားသည့် ဗွီဒီယိုဖိုင်တွင် ပေါက်တောမြို့မစျေးတခုလုံး စစ်ကောင်စီတပ်မှမီးရှို့သဖြင့် ပြာကျသွားပြီဖြစ်ကြောင်း ရက္ခိုင်ဘာသာဖြင့် ပြောဆိုထားသည်။

ပုံအညွှန်း - ပေါက်တောမြို့ထဲမီးလောင်နေပုံ (photos- AA)

"ခုနကတောင်မီးခိုးလုံးတွေလှမ်းမြင်နေရတယ်။ နေ့တိုင်းလိုလို မီးလောင်နေတာပါပဲ။ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ၊ လေကြောင်းကနေလည်း ပစ်ကူနေတယ်။ လေယာဥ်တွေ ဝဲနေတာတွေ့ရတယ်။ ဒီလိုသာဆက်သွားမယ်ဆိုရင် မြို့က နောက် ၁၅ ရက်လောက်ဆိုတမြို့လုံးပြာကျသွားနိုင်တယ် ။ နောက်ပြီးမြို့ကနေအနီးနားကို  ခိုလှုံဖို့ပြေးကြရတော့ ကျေးရွာတွေကလည်း သေးသေးလေးတွေဆိုတော့ ရွာခံတွေလည်း မနိုင်မနင်းနဲ့ လူဦးရေလည်းများတော့ စားဝတ်နေရေး ကျန်းမာရေးအကုန်ခက်ခဲနေတယ်"ဟု ပေါက်တောမြို့ဒေသခံ တဦးကမဇ္စျိမကိုပြောသည်။

အဆိုပါ ပေါက်တောမြို့အားယနေ့ နိုဝင်ဘာလ ၂၉ ရက်အထိ စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေတပ်များဖြင့် တိုက်ခိုက်နေသည့်အပြင် စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်း၊ စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ နေဗွီတပ်များမှ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်နေခြင်းကို တွေ့ရကြောင်း မြို့နှင့်အနီးနားရှိဒေသခံများ၏ အဆိုအရသိရသည်။

 စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် ပေါက်တောမြို့ရှိရပ်ကွက်များ၊နေအိမ်များ မီးလောင်ပျက်စီးဆုံးရှူံးမှုများရှိနေ၍ မြို့မဈေးလည်း မီးလောင်ပြာကျသွားသည်။

 ပြီးခဲ့သည့် ရက်ပိုင်းက ယင်းဒေသတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် ပိတ်မိနေသည့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာများရရှိသွားကြကြောင်း ပိတ်မိနေသူများနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကဆိုသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ရေးအရှိန် ပိုမိုပြင်းထန်နေဆဲ ဖြစ်သည်။

ပေါက်တောမြို့တွင်းတိုက်ပွဲများ ပြင်းထန်သကဲ့သို့ ပလက်ဝဒေသရှိ “နှုံးဘူးဗျူဟာ” နှင့် “တရွန်အိုင်ဗျူဟာ” ကုန်းအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူရေးတိုက်ပွဲများမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly