ကလေးမြို့ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ ၁၇ ဦးဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိဟု NUG ထုတ်ပြန်

By ရောင်နီ(မဇ္စျိမ)
29 November 2023
ကလေးမြို့ ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲ ၁၇ ဦးဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
ပုံအညွှန်း - ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ - NUG /MOD)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရန်ကြီးအောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန့်နေ့ နိုဝင်ဘာလ ၂၈ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းကို အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင်၊ အမှတ် (၂/၄/၅/၆) တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ ခရိုင်မိုင်းတပ်ဖွဲ့၊ SR-4၊ CDF KKG၊ CNDF၊ RKDF တို့ပူးပေါင်းကာ  နို၀င်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ  သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ ရန်ကြီးအောင်စခန်းက ကလေးနဲ့ဂန့်ဂေါနဲ့ ဆက်သွယ်တဲ့နေရာမှာ အရေးပါတယ်။ အခိုင်အမာစခန်းတော့ မဟုတ်ဘူး၊ အင်အား ၄၀ လောက်နဲ့ ထိုင်တဲ့ စခန်းပေ့ါ။ မြောက်စည်းရွာ စခန်းသိမ်းခံထားရတော့ အဲ့ဒီ့စခန်းကသူတွေလည်း ရန်ကြီးအောင်စခန်းမှာ လာပေါင်းနေတာရှိတယ်” ဟု  မြေပြင်တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးကာ ၁၇ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း NUG MOD က ထုတ်ပြန်သည်။  

ထို့အပြင် G-3 သေနတ် သုံးလက်၊ MA-1 သေနတ် ၁၀ လက်၊ MA-3 သေနတ် ငါးလက်အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦး ကျဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ  စစ်ကောင်စီတပ်၏ အဓိကစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက််ခိုက်သိမ်းပိုက်ကာ မြို့အားထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက မဇ္စျိမကို ပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly