စစ်ကောင်စီက တရုတ်နှင့် မြန်မာလူမျိုးများအကြား အမုန်းမီးပွား‌အောင် လုပ်ဆောင်နေသည်ဟု NUG ယာယီသမ္မတ သတိပေး

စစ်ကောင်စီက တရုတ်နှင့် မြန်မာလူမျိုးများအကြား အမုန်းမီးပွား‌အောင် လုပ်ဆောင်နေသည်ဟု NUG ယာယီသမ္မတ သတိပေး

စစ်ကောင်စီက တရုတ်နှင့် မြန်မာလူမျိုးများအကြား အမုန်း မီးပွား‌အောင် လုပ်ဆောင်နေသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နို၀င်ဘာ ၂၈ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေး‌သည်။

" အခု စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တစ်လှိုင်းပြီး တစ်လှိုင်း အဖုံးဖိ ခံရပြီးနောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ အကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်" ဟု ၎င်းက‌ပြောသည်။

စစ်ရေးအရှုံးများနှင့်အတူ အရာရာရှုံးနေသည့် စစ်ကောင်စီက ၎င်း၏ အကျိုးစီးပွားအတွက် မည်သည့်ကိစ္စမဆို လုပ်ဆောင်မည် ဖြစ်ရာ နိုင်ငံရေးအသိများဖြင့် ကျော်ဖြတ်ရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

" ပြည်တွင်းမှာလည်း လူမျိုးရေး သွေးခွဲပြီး ဘာသာရေးမှိုင်း တိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်အောင် လုပ်နေသလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေး ‌သွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံးအပါအဝင် လူထုတစ်ရပ်လုံးလည်း ကျယ်ကျယ်ပြန့်ပြန့် သတိရှိဖို့ လိုတယ်လို့ ယူဆပါတယ်။ ပြည်မဒေသမှာလည်း ရိုးသားဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။

အခု နွေဦးတော် လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းက ‌ပြောသည်။

နို၀င်ဘာလလယ်ပိုင်း စစ်ကောင်စီလက်အောက်ခံ မဘသ အဖွဲ့အစည်းအချို့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး ‌မြောက်ပိုင်းတိုက်ပွဲများတွင်လည်း တရုတ်နိုင်ငံက ပါ၀င်ပတ်သက် မှုများရှိသည်ဟု တပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ် အချို့တွင် ရေးသားဖော်ပြမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly